မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာပဲ ကာလအတန်ကြာအထိ ဆက်လက် ပါဝင်ကစားသွားချင်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အသက် (၂၉)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီလကမှ စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်နဲ့ အရေးအပါဆုံးသော ကစားသမားပါ ဖြစ်နေရပါတယ်။

Photo Credit : Manchester United FC

ဖာနန်ဒက်စ်ဟာ လက်ရှိမှာ ယူနိုက်တက်အသင်းနဲ့အတူ ပဉ္စမမြောက် ဘောလုံးရာသီကို ဖြတ်သန်းလျက် ရှိနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၂၃)ပွဲအထိ ကစားထားပြီးချိန်မှာ စုစုပေါင်း (၇၂)ဂိုး သွင်းယူထားနိုင်ခဲ့သလို (၆၃)ဂိုးအထိပါ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပေမယ့် သူ့ကို ဆော်ဒီလိဂ် ကလပ်အသင်းတွေကနေ ခေါ်ယူဖို့ စိတ်ဝင်စားသလို ဥရောပထိပ်တန်း ကလပ်တချို့ကလည်း ဖာနန်ဒက်စ်ရဲ့ အနာဂတ် အခြေအနေကို စောင့်ကြည့်လျက် ရှိနေကြပါတယ်။

Photo Credit : The Independent

ဒါပေမယ့်လည်း ဖာနန်ဒက်စ်ကတော့ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး “ကျွန်တော်ကတော့ ဒီအသင်းမှာပဲ ကာလအတန်ကြာအထိ ဆက်နေသွားချင်ပါတယ်။ ဒီအသင်းရဲ့ ပရောဂျက်တစ်ခု တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့သာ ဆက်ရှိသွားချင်ပါတယ်။”

“ကျွန်တော်က အသင်းက ပိုင်ရှင်အသစ်တွေနဲ့လည်း တွေ့ဆုံထားခဲ့ပြီးပါပြီ။ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုလည်း လုပ်ဆောင်ခဲ့ပါတယ်။ သူတို့တွေက ကစားသမားတစ်ဦးချင်းစီနဲ့ တွေ့ဆုံ ဆွေးနွေးချင်ခဲ့သလို အခုဆိုရင်လည်း အသင်းက ကစားသမားတိုင်းနဲ့ တစ်ဦးချင်း ဆွေးနွေးထားခဲ့ပါပြီ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။