ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံလိုက်ရကြောင်း စစ်တမ်းတွေအရ သိရပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ၂၀၂၀ခုနှစ် ဇန်နဝါရီလမှာ စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ၃နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၅၅ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Mirror

ဘရူနို ဖာနန်ဒက်စ်က ပြိုင်ပွဲစုံ ၁၅၅ပွဲမှာ သွင်းဂိုး ၅၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူက ယူနိုက်တက် အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ်ရော အသင်းကို ဦးဆောင်နိုင်စွမ်း ရှိသူ အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

ဘရူနို ဖာနန်ဒက်စ်က ၃နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၅၅ပွဲ အထိ ပါဝင် ကစားပေးထားတာကြောင့် ၁နှစ်မှာ ၅၂ပွဲနှုန်း နီးပါး ကစားပေးထားပြီး သူက ယူနိုက်တက် ကစားသမား ဘဝမှာ တခါမှ ဒဏ်ရာမရဖူးပဲ အဖျားဝေဒနာကြောင့် ၂ရက်သာ နားထားရပါတယ်။

Photo Credit: Mirror

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်က ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှ စတင်ကာ ယခုချိန်အထိ ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၁၄ရက်သာ အနားယူထားရပြီး အဆိုပါ ကိန်းဂဏန်းတွေက ဘရူနို ဖာနန်ဒက်စ်ရဲ့ ကြံ့ခိုင်မှု ဘယ်လောက် ကောင်းလဲ ဆိုတာကို သက်သေပြနေပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ပြုလုပ်ခဲ့တဲ့ နောက်ဆုံး စစ်တမ်းတွေမှာ ဘရူနို ဖာနန်ဒက်စ်ကို ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်နေကြပြီး ဘရူနို ဖာနန်ဒက်စ်က ယခုနှစ် ဘောလုံးရာသီမှာလည်း ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။