မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဂရင်းစဘီအသင်းနဲ့ပွဲစဉ်မှာ အဆုံးအဖြတ်ပင်နယ်တီကို လွဲချော်ခဲ့တဲ့ အသင်းဖော် ဘရိုင်ယန် အမ်ဘူမိုကို အကာအကွယ်ပေးပြီး အသင်းခေါင်းဆောင်ကောင်းပီသတဲ့ အတုယူဖွယ်ရာ လုပ်ရပ်တစ်ခုကို ပြသခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အင်္ဂလန်ဘောလုံးအဆင့်အတန်းမှာ သူတို့ထက် နေရာ(၅၈)နေရာနိမ့်တဲ့ လိဂ်တူးကလပ် ဂရင်းစဘီအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲကနေ အရှက်ရဖွယ် ထွက်ခွာခဲ့ရပါတယ်။
Photo Credit : Sports Illustrated
ပွဲချိန် မိနစ် (၃၀)အတွင်းမှာ ၂-၀ နဲ့ နောက်ကောက်ကျနေခဲ့တာကြောင့် နည်းပြ ရူဘင် အမိုရင်ဟာ ပွဲအခြေအနေကို ပြောင်းလဲဖို့အတွက် ဒုတိယပိုင်းမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ အမ်ဘူမိုတို့ကို ထည့်သွင်းခဲ့ပါတယ်။ အမ်ဘူမိုက (၇၅)မိနစ်မှာ ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး ဒါဟာ ဒီရာသီ ယူနိုက်တက်အတွက် ကစားသမားတစ်ဦးရဲ့ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့သလို နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့ မိနစ် (၂၀)နီးပါးကြာမြင့်ခဲ့တဲ့ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဂရင်းစဘီအသင်းက ၁၂-၁၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အမ်ဘူမိုဟာ သူ့ရဲ့ ပထမပင်နယ်တီကို အောင်မြင်စွာ သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယအကြိမ် ကန်သွင်းချိန်မှာတော့ သူ့ရဲ့ကန်ချက်က ဂိုးဘားတန်းနဲ့ ထိမှန်သွားခဲ့တာကြောင့် ယူနိုက်တက်အသင်း ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
Photo Credit : Youtube
အမ်ဘူမို ပင်နယ်တီလွဲချော်သွားတာနဲ့ တစ်ပြိုင်နက် အောင်ပွဲခံနေတဲ့ ဂရင်းစဘီပရိသတ်တွေဟာ ကွင်းထဲကို ပြေးဝင်လာခဲ့ကြပါတယ်။ SunSport ရဲ့ မှတ်တမ်းအရ အသက် ၃၀ အရွယ် ဘရူနို ဖာနန်ဒက်စ်ဟာ သူ့ရဲ့စိတ်ပျက်မှုကို ဘေးဖယ်ထားပြီး ကွင်းထဲမှာ ဝိုင်းအုံနေတဲ့ ပရိသတ်တွေကြားကနေ သူ့ရဲ့အသင်းဖော် အမ်ဘူမိုကို အပြေးအလွှားသွားရောက် နှစ်သိမ့်အားပေးကာ ကစားသမားဥမင်ထဲအပြန်လမ်းတစ်လျှောက်မှာ အကာအကွယ်ပေးခဲ့ပါတယ်။
ဒီရှုံးပွဲအပြီးမှာတော့ နည်းပြ အမိုရင်ဟာ သူ့ရဲ့ကစားသမားတွေအပေါ် လုံးဝလက်လွှတ်လိုက်ပြီလို့ ထင်ရလောက်တဲ့ စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အဝတ်လဲခန်းအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူက “ဒီနေ့ပွဲမှာ အကောင်းဆုံးအသင်းကပဲ နိုင်သွားတာပါ။ ကွင်းထဲမှာ ရှိနေခဲ့တဲ့ တစ်သင်းတည်းသော အသင်းပေါ့။” လို့ သူ့အသင်းကို ထေ့ငေါ့ပြောဆိုခဲ့ပါတယ်။
“ဒီနေ့ ကစားသမားတွေရဲ့ ခြေစွမ်းက အရာအားလုံးကို ပြောပြနေပါတယ်။ ပွဲအစမှာ ဘာအားထုတ်မှုမှမရှိဘဲ ကစားခဲ့ကြတယ်။ ဖိအားပေးကစားရမယ့် အစီအစဉ်တွေအားလုံး လုံးဝပျောက်ဆုံးနေခဲ့တယ်။ သူတို့ရဲ့ခြေစွမ်းက အရာအားလုံးကို ကျယ်ကျယ်လောင်လောင် ပြောပြသွားခဲ့ပြီလို့ ကျွန်တော်ထင်တယ်။ အသက် (၄၀)အရွယ် နည်းပြက ပရိသတ်တွေကိုလည်း တောင်းပန်စကားဆိုခဲ့ပါတယ်။
“ဒီနေ့လိုမျိုး ရှုံးပွဲအပြီးမှာတော့ စကားပြောဖို့တောင် ခက်ပါတယ်။ ကျွန်တော် ပရိသတ်တွေကို တကယ်တောင်းပန်ပါတယ်။ သူတို့ရဲ့ အားပေးမှုတွေအတွက် ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး။ တကယ်ကို တောင်းပန်ပါတယ်” ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်မှာ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြနဲ့ ကစားသမားတွေကြားက တင်းမာမှုတွေကြောင့် အသင်းဟာ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။