ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကတော့ သူနဲ့ နိုင်ငံတူ အသင်းဖော် တဦး ဖြစ်တဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျူဗင်တပ်ကနေ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

ရိုနယ်ဒိုက ကစားသမားဘဝ နောက်ဆုံးအချိန် အခိုက်အတန့်တွေကို ရောက်ရှိနေပေမယ့် ယခုချိန်အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ တသင်းလုံးနီးပါး ပုံမှန်ခြေစွမ်း မပြနိုင်မှု ၊ နည်းပြအပြောင်းအလဲ များပြားမှုတို့ကြောင့်ပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး ချန်ပီယံလိဂ်ပြိုင်ပွဲသာ ကစားခဲ့တဲ့ ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာနိုင်ကြောင်း ကောလဟာလ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ရိုနယ်ဒိုရဲ့ နိုင်ငံအသင်းဖော်လည်းဖြစ် ၊ ကလပ်အသင်းဖော်လည်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ကတော့ ရိုနယ်ဒိုဟာ သူတို့အသင်းမှာပဲ ဆက်နေဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ဖာနန်ဒက်က – “ကျွန်တော်ကတော့ လာမယ့် တနင်္လာနေ့မှာ ရိုနယ်ဒိုနဲ့အတူ လေ့ကျင့်ခန်း ဆင်းခွင့် ရဖို့ မျှော်လင့်ထားပါတယ်။ သူက နိုင်ငံတကာပွဲတွေကြောင့် ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ နောက်ကျနေရုံပါ။ ကျွန်တော် သိထားသလောက် ရိုနယ်ဒိုရဲ့ အနာဂတ်က ဘာမှ အပြောင်းအလဲ မရှိပါဘူး။ အသင်းကလည်း ရိုနယ်ဒိုလိုမျိုး အဓိက ဂိုးသွင်းစက် တလုံးကို အဆုံးရှုံးခံမယ် မထင်ပါဘူးဗျာ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။