မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ မနေ့ညက ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာပဲ ယူနိုက်တက် ကစားသမားဘဝ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၂၀၀) ပြည့်မြောက်ခဲ့ရပါတယ်။

ဒီလို အမှတ်တရ ပွဲစဉ်မှာ ဖာနန်ဒက်စ်က သူရဲ့ ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူခဲ့ပြီး အသင်းကိုလည်း အကောင်းဆုံး ကယ်တင်ပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

တကယ်တော့ ဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေပြီး ရုန်းကန်နေခဲ့ရပေမယ့်လည်း အသင်းအတွက် လိုအပ်ရင် လိုအပ်သလို တစ်ချက်ကောင်းတွေ စွမ်းဆောင်ပေးနိုင်ဆဲဖြစ်ပြီး အနိုင် (၃)မှတ်ကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲကြီးတွေမှာ ပျောက်ဆုံးနေတဲ့သူ အသင်းခေါင်းဆောင် လက်ပတ်နဲ့ မထိုက်တန်တဲ့သူလို့ အမျိုးမျိုး ဝေဖန်ကဲ့ရဲ့ ခံနေရပေမယ့်လည်း ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက်ဆို အမြဲတမ်း ပေးဆပ်နိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ဘက်အသင်းတွေအတွက်တော့ အလွန် မုန်းချင်စရာကောင်းတဲ့ ကစားသမားလည်း ဖြစ်နေရပါတယ်။

Photo Credit : The Telegraph

ဒါပေမယ့် ဖာနန်ဒက်စ်ဟာ ၂၀၁၉ခုနှစ် စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်ဆီ စတင် ရောက်ရှိချိန်ကတည်းကနေ အခုထိ သူရဲ့ stats တွေကို ကြည့်လိုက်မယ်ဆိုရင် သူဟာ အသင်းအပေါ် ဘယ်လောက်အထိ အကျိုးပြုနိုင်ခဲ့သလဲဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။

ယူနိုက်တက်အသင်းအတွက် (၅)ရာသီနီးပါး ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀၀) ပါဝင် ကစားထားခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အဲ့ဒီ ပွဲပေါင်း (၂၀၀)မှာ (၆၇)ဂိုးထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုဟာလည်း (၅၇)ဂိုးအထိ ရှိထားခဲ့လို့ ပွဲ (၂၀၀)အတွင်း သူရဲ့ ဂိုးပါဝင်ပတ်သက်မှုက (၁၂၄)ဂိုးတောင် ရှိထားခဲ့ရပါတယ်။