မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ် ဟော့စပါးအသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို ရယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသည် နည်းပြ ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ အခြေအနေမကောင်းလှတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အသင်းအတွက် အရေးအပါဆုံး ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင် ကစားရပါမယ်။ ဒီပွဲက ယူနိုက်တက်ရဲ့ အခုရာသီတစ်ခုလုံးအတွက် အသက်ကယ်ဆေးသဖွယ် ဖြစ်လာနိုင်ပါတယ်။

Photo Credit : The Sun

 

ဒီရာသီမှာလည်း ယူနိုက်တက်နဲ့ စပါးတို့ဟာ ပရီးမီးယားလိဂ်မှာ (၂)ကြိမ် ခါရာဘောင်းဖလားပွဲမှာ (၁)ကြိမ် စုစုပေါင်း (၃)ကြိမ်အထိ တွေ့ဆုံခဲ့ပြီး အဲ့ဒီ (၃)ကြိမ်လုံးမှာ မြောက်လန်ဒန်ကလပ် စပါးအသင်းကပဲ အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ နောက်ဆုံး (၆)ကြိမ် တွေ့ဆုံမှုမှာလည်း စပါးက ရှုံးပွဲမရှိအောင် ကစားထားနိုင်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ရော စပါးပါ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နဲ့ (၁၇)နေရာတွေအထိ ရပ်တည်နေရပြီး နှစ်သင်းလုံးအတွက် အတော်လေး ဆိုးရွှားတဲ့ ရာသီတစ်ခု ဖြစ်နေရပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်ဖလားကိုသာ ဗိုလ်စွဲလောက်မယ်ဆိုရင်တော့ ဗိုလ်စွဲမယ့်အသင်းအတွက် ဖလားအပြင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit : United in Focus

ဒီဗိုလ်လုပွဲစဉ်နဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်က beIN Sports နဲ့တွေ့ဆုံရာမှာ “သူတို့(စပါး)က တိုက်စစ်မှာ အလွန် ပြင်းထန်တဲ့ အသင်းတစ်သင်းပါ။ သူတို့က ဖိအားပေး ကစားတာ အရမ်းကောင်းတယ်။ ခံစစ်ကိုလည်း မြင့်တင် ကစားတဲ့ နေရာမှာလည်း သူတို့က အလွန်စနစ်တကျရှိပါတယ်။ သူတို့မှာ ဘောလုံးနဲ့အတူ အရည်အသွေးပိုင်းအရ အလွန်ကောင်းတဲ့ ကစားသမားတွေ ရှိပေမယ့် ကျွန်တော်တို့ လေ့လာသွားမှာပါ။ သူတို့ရဲ့ အန္တရာယ်ပေးနိုင်တဲ့ အချက်တော်တော်များများကိုလည်း ကျွန်တော်တို့ သိထားပြီးသားပါ။”

“ဒါပေမယ့် အဲ့ဒီထက်ပိုပြီး အရေးကြီးတာက သူတို့ကို အခွင့်အရေးမပေးမိအောင်နဲ့ ကိုယ့်အတွက် ဂိုးတွေသွင်းပြီး အနိုင်ရဖို့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်အောင် ကျွန်တော်တို့ ဘာတွေ လုပ်ဆောင်ဖို့လိုလဲဆိုတာကို အာရုံစိုက်ဖို့ပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။