မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ ပွဲစဉ်တိုင်းမတိုင်ခင်မှာ စိတ်လှုပ်ရှားမှုကို ခံစားရလေ့ရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ဒီစိတ်လှုပ်ရှားမှုဟာ ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ သူ့ရဲ့ဦးနှောက်ကို အမြဲတမ်း နိုးကြားထက်မြက်နေစေတဲ့ ခံစားချက်တစ်ခုဖြစ်တယ်လို့ ပေါ်တူဂီကွင်းလယ်လူက ရှင်းပြခဲ့ပါတယ်။ ကွင်းထဲမှာဖြစ်စေ အရန်ခုံမှာဖြစ်စေ အိမ်မှာပဲဖြစ်စေ ဒီလိုမငြိမ်မသက်ဖြစ်တဲ့ ခံစားချက်ကပဲ သူ့ကို ပွဲစဉ်တိုင်းမှာ အပြည့်အဝပါဝင်စေဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။

Photo Credit : Goal

၂၀၂၅-၂၆ ရာသီအစဟာ ဖာနန်ဒက်စ်အတွက် အတက်အကျများစွာနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဖူဟမ်နဲ့ပွဲမှာ အရေးပါတဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ယူနိုက်တက်တစ်မှတ်တည်းနဲ့ ကျေနပ်ခဲ့ရသလို ကာရာဘောင်းဖလားပွဲစဉ်မှာလည်း လိဂ်တူးကလပ် ဂရင်းစ်ဘီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ဘန်လေနဲ့ပွဲစဉ်မှာတော့ အဆုံးအဖြတ်နိုင်ဂိုးကို သွင်းယူပြီး အသင်းအတွက် (၃)မှတ်အပြည့် ရယူပေးနိုင်ခဲ့ကာ သူ့ရဲ့ပွဲကိုအနိုင်ပေးနိုင်စွမ်းကို ဝေဖန်သူတွေကို သက်သေပြနိုင်ခဲ့ပါတယ်။

BBC Match of the Day နဲ့ တွေ့ဆုံရာမှာ ဖာနန်ဒက်စ်က သူကစားခွင့်မရတဲ့အခါ ပိုပြီး စိတ်လှုပ်ရှားရတယ်လို့ ရှင်းပြခဲ့ပါတယ်။ “ပွဲကိုထိုင်ကြည့်နေရတဲ့အခါ ကျွန်တော်ပိုပြီး စိတ်လှုပ်ရှားရတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသင်းဖော်တွေအတွက်ပါ ကိုယ်ကဝင်ပြီး ခံစားပေးနေရလို့ပါ။ သူတို့ တစ်ခုခုကို ကြိုးစားနေပေမယ့် အဆင်မပြေဖြစ်နေတာကို မြင်ရတဲ့အခါ ကျွန်တော် အရမ်းစိတ်လှုပ်ရှားလာတယ်။”

Photo Credit : Stretty News

“အရန်ခုံမှာဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ ကျွန်တော် ငြိမ်ငြိမ်မနေနိုင်ဘူး။ အိမ်မှာပွဲကြည့်နေရင်တောင် အသံတိတ်မနေနိုင်ဘူး။ အော်ဟစ်နေရမှ လှုပ်ရှားနေရမှ။ ကိုယ်တိုင်ကွင်းထဲရောက်နေသလိုပဲ။ ပွဲတိုင်းမှာ ကျွန်တော် စိတ်လှုပ်ရှားပါတယ်။ ဒါက ကောင်းတဲ့ စိတ်လှုပ်ရှားမှုမျိုးပါ။ ပွဲထဲမှာ စိတ်ရောကိုယ်ပါ ပါဝင်နေချင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော့်ဦးနှောက် အမြဲတမ်း အလုပ်လုပ်နေဖို့ လိုပါတယ်။” လို့ သူက ဖွင့်ဟခဲ့ပါတယ်။

အသင်းခေါင်းဆောင်လက်ပတ်ကို ရယူပြီးကတည်းက တာဝန်ယူမှုအပြည့်ရှိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်ဘောလုံးလောကရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကို အီတီဟတ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။