မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဆာ အဲလက်စ် ဖာဂူဆန်က တော့တင်ဟမ် ဟော့စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုဖလားကြီးကို ဘယ်တော့မှ ရယူနိုင်မှာ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်းဟာ နည်းပြသစ် အန့်ဂျ် ပိုစတီကိုဂလူးလက်ထက်မှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေနဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာလအထိ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့သလို လက်ရှိမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့် (၄)နေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။

Photo Credit : Sky Sports

လတ်တလောမှာ စပါးအသင်းက ဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ (၇)မှတ်သာ ကွာဟနေရပေမယ့်လည်း နည်းပြဟောင်းကြီး ဖာဂူဆန်ကတော့ စပါးအသင်းအနေနဲ့ ဘယ်တော့မှ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

Sky Sports အားကစားရုပ်သံ တင်ဆက်သူက မြင်းပြိုင်ပွဲမှာ ရှိနေတဲ့ ဖာဂူဆန်ကို စပါးအသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်လားလို့ မေးခွန်းထုတ်ခဲ့ရာ ဖာဂူဆန်က “No…မဖြစ်နိုင်ဘူး။ ၁၉၆၁ခုနှစ်က သူတို့ နောက်ဆုံးအကြိမ် ရရှိခဲ့တာဆိုတော့ ဒါက တော်တော်ကြီးကို ကြာနေပါပြီ။”

Photo Credit : Daily Mail

“အခုလက်ရှိ အခြေအနေတွေအရဆိုရင် ပရီးမီးယားလိဂ်မှာ လီဗာပူးလ် နဲ့ မန်စီးတီးအသင်းတို့က အရမ်းအားကောင်းနေကြပါပြီ။” လို့ ပြောဆိုခဲ့သလို စပါးက သူရဲ့ယူနိုက်တက်ထက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ပိုများနေမလားဆိုတဲ့ မေးခွန်းကိုလည်း “မရှိနိုင်ပါဘူး” လို့သာ ဖြေဆိုသွားခဲ့ပါတယ်။

အသက် (၈၂)နှစ်အရွယ်ရှိ စကော့တလန်လူမျိုး ဘောလုံးနည်းပြဟောင်းကြီး ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းကို ၁၉၈၆ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ (၂၆)နှစ်ကြာမြင့်အောင် ကိုင်တွယ်ခဲ့ပြီး အသင်းအတွက်ကိုလည်း ဆုဖလားမျိုးစုံ ရယူပေးနိုင်ခဲ့တဲ့ ဂန္တဝင်နည်းပြကြီးလည်း ဖြစ်ပါတယ်။