ရီယို ဖာဒီနန်က မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ဒီနွေရာသီမှာ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူနိုင်ခြင်းမရှိရင် အရှက်ကွဲနိုင်ခြေရှိတယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ အမ်ဘူမိုကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေတာကြောင့် ဒီလို သတိပေးလိုက်တာပါ။
ပြီးခဲ့တဲ့လက အပြောင်းအရွှေ့ဈေးကွက် စဖွင့်ကတည်းက ဘရန့်ဖို့ဒ် တိုက်စစ်ကစားသမား အမ်ဘူမိုဟာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေခဲ့ပေမဲ့ အမ်ဘူမိုကို ခေါ်ယူဖို့ကတော့ မချောမွေ့ခဲ့ပါဘူး။ ယူနိုက်တက်က (၂၅)နှစ်သား ကစားသမားအတွက် ကနဦးကမ်းလှမ်းမှု (၂)ကြိမ်ကို ဘရန့်ဖို့ဒ်ဘက်က ငြင်းပယ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ သတ်မှတ်ထားတဲ့ တောင်းဆိုမှုကို ယူနိုက်တက်က မဖြည့်ဆည်းပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။
Photo Credit : Sky Sports
အခုတော့ အိုးလ်ထရက်ဖို့ဒ် ထိပ်တန်းအရာရှိတွေဟာ အမ်ဘူမိုအတွက် ပေါင်သန်း(၆၀)ကျော်တန်ဖိုးရှိတဲ့ တတိယအကြိမ် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ ဒီဈေးနှုန်းနဲ့ ဘရန့်ဖို့ဒ်က ရောင်းချဖို့ သဘောတူမယ်လို့ အာမခံချက်တော့ မရှိသေးပါဘူး။ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ယူနိုက်တက်မှာ (၁၂)နှစ်ကြာ ကစားခဲ့တဲ့ ဖာဒီနန်က အမ်ဘူမိုကို ဒီရာသီမှာ ခေါ်ယူနိုင်တာဟာ အရှက်ရစရာတွေကို ရှောင်ရှားဖို့အတွက် မဖြစ်မနေ လုပ်ရမယ့် အပြောင်းအရွှေ့ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ YouTube ချန်နယ် “Rio Ferdinand Presents” မှာ အခုလို ပြောခဲ့ပါတယ်။”အမ်ဘူမိုက တော့တင်ဟမ်ကို ပြောထားပြီ။ ဘရန့်ဖို့ဒ်ကိုလည်း သူ မန်ယူနိုက်တက်ကိုပဲ ပြောင်းချင်တယ်လို့ ပြောထားပြီးပြီ။”
“ဒါကြောင့် မန်ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့က တူတူညှိနှိုင်းပြီး နည်းလမ်းရှာရမယ်။ မန်ယူနိုက်တက် ဘရန့်ဖို့ဒ်ရဲ့ တန်ဖိုး သတ်မှတ်ထားတာကို ဖြည့်ဆည်းပေးနိုင်တဲ့ နည်းလမ်းရှာရမှာပေါ့။ ကမ်းလှမ်းမှုက ပေါင်(၅၅)သန်းအပြင် အပိုဆုကြေး (၇.၅)သန်းလို့ ထင်ပါတယ်။ အဲဒါက ဘရန့်ဖို့ဒ်အတွက် မလုံလောက်သေးဘူး ဖြစ်နေမယ်။ ဒါပေမဲ့ ယူနိုက်တက်က ဒီအပြောင်းအရွှေ့ကို အပြီးသတ်ရမယ်လို့ ထင်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်အထိ ဒါက သတင်းတွေထဲမှာ အကြာကြီး ပါလာနေတာဆိုတော့ တကယ်လို့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင်တော့ မန်ယူနိုက်တက်အတွက် မျက်နှာပျက်စရာပဲ။”
Photo Credit : Metro
“မန်ယူနိုက်တက်က အခြားတိုက်စစ်မှူး တစ်ယောက်ယောက်ကို မခေါ်နိုင်ခဲ့ရင်တော့ အရှက်ရစရာ ဖြစ်လာနိုင်တယ်။ တခြား ဘယ်သူ့ကို အစားထိုးဖို့ စောင့်ဆိုင်းထားလဲဆိုတာ မကြားရဘူး။ တခြား ဘယ်သူ့နာမည်ကိုမှ နီးစပ်နေတယ်လို့ သတင်းမကြားရဘူး။ ဒါကြောင့် ဒီအပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင်တော့ ကျွန်တော် အံ့ဩမိလိမ့်မယ်။ ဘာလို့လဲဆိုတော့ မန်ယူနိုက်တက်က ဒီအပြောင်းအရွှေ့ကို မဖြစ်မနေ လုပ်မယ်လို့ တောင့်ခံထားခဲ့တာ။”
“ဒါက လူသိရှင်ကြား ဖြစ်သွားပြီ။ သူတို့က ဖြစ်ခွင့်ပြုလိုက်ပြီ။ အခုတော့ သူတို့အနေနဲ့ ဒီအပြောင်းအရွှေ့ကို အပြီးသတ်ဖို့ လှုပ်ရှားရမယ့် အနေအထားကို ရောက်နေပြီ။ ကျွန်တော့်အတွက်တော့ သူက ရုပ်ပိုင်းဆိုင်ရာအရ ပြည့်စုံတယ်။ တက်ကြွတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်တယ်။ ပရီးမီးယားလိဂ်ကို နားလည်တယ်။ စောင့်ကြည့်လိုက်ပါဦး။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။