ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ ဖြစ်သလို လက်ရှိမှာ ကိုယ်ပိုင် ချန်နယ်တခု ထောင်ကာ ဘောလုံးရေးရာ သုံးသပ်မှုတွေ တင်ဆက်နေတဲ့ ရီယို ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာ အယ် အတ်တီဟတ် တိုက်စစ်မှူး ဘန်ဇီမာကို အငှားနဲ့ ခေါ်ယူသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ဖာဒီနန်ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ယူနိုက်တက်က ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် ဝါရင့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Standard

တဖက်မှာတော့ အသက် ၃၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ရီးရဲလ်မက်ဒရစ် ကနေ ဆော်ဒီ ထိပ်သီးကလပ် အယ် အတ်တီဟတ်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အယ် အတ်တီဟတ်က ဘန်ဇီမာကို ၁နှစ် လုပ်ခလစာ ယူရို ၁၀၀သန်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

ဘန်ဇီမာက အယ် အတ်တီဟတ်မှာ စံချိန်တင် လုပ်ခလစာကို ရရှိနေပေမယ့် အသင်းရဲ့ နည်းပြအဖွဲ့နဲ့ အဆင်မပြေတာကြောင့် မကြာခဏ ပြဿနာတွေ တက်ခဲ့ပြီး နောက်ဆုံးသိရတဲ့ သတင်းတွေအရ ဘန်ဇီမာဟာ အတ်တီဟတ်ရဲ့ လေ့ကျင့်ရေးကွင်းဆီ မလာတာ ကြာနေပြီ ဖြစ်သလို အသင်းရဲ့ ရာသီဝက် လေ့ကျင့်ရေးတွေမှာလည်း ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။

Photo Credit: Tribuna

လက်ရှိမှာတော့ ဘန်ဇီမာဟာ ဆောင်းဈေးကွက် အတွင်းမှာ ဥရောပအသင်း တသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဖာဒီနန်ကတော့ ယူနိုက်တက်ဟာ လူငယ်တိုက်စစ်မှူး ဟွိုက်လန်းအတွက် အကျိုးရှိမယ့် ခေါ်ယူမှု တရပ် အဖြစ် ဘန်ဇီမာကို ခေါ်ယူသင့်တယ်လို့ အကြံပေးလာပါတယ်။

ဖာဒီနန်က – “နားထောင်ကြဗျ။ ဘယ်အသင်းကမှ ဘန်ဇီမာလို ကစားသမားမျိုးကို ငြင်းနိုင်မယ် မထင်ပါဘူး။ အခုချိန်မှာ ဘန်ဇီမာကို တခြားလူတွေထက် ပိုပြီး လိုအပ်နေတဲ့ ကစားသမားက ဟွိုက်လန်းပါ။ ဟွိုက်လန်းက သူ အတုယူနိုင်မယ့် ၊ သင်ယူနိုင်မယ့် ဝါရင့် တိုက်စစ်မှူး ၁ဦးကို လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။