ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ဗဟိုနောက်ခံလူ ရီယို ဖာဒီနန်က သူဟာ မကြာသေးမီကမှ ရိုးမားကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်နည်းပြကြီး ဟိုဆေး မော်ရင်ဟိုကို အင်္ဂလန်ရဲ့ နည်းပြချုပ် အဖြစ် မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၆၀ အရွယ် ပေါ်တူဂီ ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ပေါ်တို ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ ရိုးမား စတဲ့ ဥရောပ ထိပ်သီးကလပ်တွေကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး မော်ရင်ဟိုဟာ စပါးကလွဲရင် ကျန်တဲ့ အသင်းတွေ အကုန်လုံးနဲ့ မြောက်မြားစွာသော ဆုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

မကြာသေးမီ ရက်ပိုင်းအတွင်းမှာတော့ ရိုးမားရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကြယ်ပွင့် ကစားသမား တချို့နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး လက်ရှိမှာတော့ မော်ရင်ဟိုဟာ အသင်းလက်မဲ့နည်းပြ အဖြစ် ဘဝကို ဖြတ်သန်းနေရပါတယ်။

လတ်တလောမှာ ဆော်ဒီ ထိပ်သီးကလပ်တွေ အပြင် ဥရောပတိုက်မှာ ရှိတဲ့ နာမည်ကြီးအသင်းတွေက မော်ရင်ဟိုကို နည်းပြချုပ် အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်နေကြပြီး မော်ရင်ဟိုကလည်း နည်းပြလောကထဲကို အမြန်ဆုံး ပြန်လည် ဝင်ရောက်ချင်ကြောင်း မော်ရင်ဟိုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။

Photo Credit: Goal

ကစားသမားဘဝ ကနေ အနားယူပြီးနောက် ကိုယ်ပိုင် ချန်နယ်တခု ထောင်ကာ ဘောလုံးရေးရာ သုံးသပ်မှုတွေ လုပ်နေတဲ့ ရီယို ဖာဒီနန်ကတော့ သူဟာ မော်ရင်ဟိုကို အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် အဖြစ် မြင်တွေ့ချင်ကြောင်း ဆိုလာပါတယ်။

ဖာဒီနန်က – “အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ မော်ရင်ဟိုကို အင်္ဂလန်နည်းပြ အဖြစ် မြင်ချင်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်က ဆောက်ဂိတ်ကို ရာထူးကနေ ထုတ်ပြီး မော်ရင်ဟိုကို အစားထိုးမယ်လို့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆောက်ဂိတ်နဲ့ မော်ရင်ဟိုက အကျင့်စရိုက်တွေ မတူကြသလို နည်းစနစ်တွေလည်း ကွဲပြားတဲ့ နည်းပြနှစ်ယောက် ဖြစ်နေလို့ပါ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။