အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် တောင်ပံကစားသမားလေး ဘူကာယို ဆာကာဟာ လက်ရှိမှာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး မဖြစ်သေးဘူးလို့ အင်္ဂလန် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ဆာကာက ၂၀၀၈ခုနှစ်ကတည်း အာဆင်နယ် လူငယ် အကယ်ဒမီဆီ ရောက်ရှိလာခဲ့ပြီး (၁၀)နှစ်အကြာမှာပဲ အာဆင်နယ် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ရပါတယ်။

Photo Credit : Eurosport

အခုဆိုရင် ဆာကာက အာဆင်နယ်အသင်းအတွက် ပဉ္စမမြောက် ဘောလုံးရာသီကို ပါဝင်ကစားနေပြီဖြစ်ပြီး ပွဲပေါင်း (၂၁၀) ကစားထားပြီးချိန် သွင်းဂိုး (၅၁)ဂိုးအထိ သွင်းယူထားခဲ့သလို (၅၃)ဂိုးပါ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဆာကာကို world-class player တစ်ဦး ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းအပေါ် ဖာဒီနန်က “မဖြစ်သေးပါဘူး။ နောက်ပြီး ဆာကာက အရမ်း အလွန်အကျွံ ကစားနေရတယ်လို့ ထင်ပါတယ်။ တကယ်တော့ သူ အနားယူဖို့ လိုအပ်နေပါပြီ။ အသက် ငယ်ရွယ်သေးတဲ့ ကစားသမားအတွက် ပွဲအများကြီးလည်း ကစားထားရပါသေးတယ်။”

Photo Credit : Sport Brief

“ကမ္ဘာ့အဆင့်နဲ့ နီးစပ်လာတယ် ဆိုတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ခုခု လုပ်ထားပြီလား ဆိုတာနဲ့တော့ သက်ဆိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါကို ဆာကာ လုပ်ထားနိုင်ပြီလား။ ကျွန်တော်က အရေးကြီးတဲ့ အချက်အလက်နဲ့ အသေးစိတ် အချက်အလက်များအကြောင်းကို ပြောတာပါ။”

“ကျွန်တော် ပြောတာကိုလည်း အထင်မလွဲကြပါနဲ့။ တကယ်တော့ ဆာကာက ထိပ်တန်း ကစားသမားပါ။ ဒါပေမယ့် သူက လောလောဆယ်မှာတော့ world-class ကစားသမားတစ်ဦး ဖြစ်မနေသေးပါဘူး။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။