မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်တာနဲ့ အာဆင်နယ် နည်းပြ မီခယ်လ် အာတေတာကလည်း အာဆင်နယ်ကနေ ထွက်ခွာပြီး ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာလိမ့်မယ်လို့ ရီယို ဖာဒီနန်က အံ့အားသင့်စဖွယ် ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့က ယူနိုက်တက်ကို ဘောလုံးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွှက်နေရပြီ ဖြစ်တာကြောင့် နည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ်ဟာလည်း ဆာဂျင်တို့ရဲ့ INEOS အပေါ်မှာသာ မူတည်နေရပါတယ်။

Photo Credit : Extra

လက်ရှိ အခြေအနေအရဆိုရင်တော့ တန်ဟက်ဂ်က ယူနိုက်တက်ကို မနှစ်ကလို Top 4 နေရာအထိ ပို့ဆောင်ပေးနိုင်ဖို့က မလွယ်ကူတော့ပဲ ဒီရာသီရဲ့ တစ်ခုတည်းသော ဆုဖလား FA Cup ကို ဆွတ်ခူးနိုင်ဖို့ကလည်း အတော်လေး ခက်ခဲနိုင်ပါတယ်။

တကယ်လို့ ယူနိုက်တက်နဲ့ တန်ဟက်ဂ်တို့ လက်တွဲဖြုတ်လိုက်မယ်ဆိုရင် အာဆင်နယ်နည်းပြ အာတေတာက ယူနိုက်တက် နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ ဖာဒီနန်က ပြောဆိုသွားခဲ့ပါတယ်။ “အာတေတာက အာဆင်နယ်ကနေ ထွက်ခွာပြီး ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာမှာ ရာနှုန်းပြည့် သေချာတယ်။”

Photo Credit : Tribuna

“ဒီလို ဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်ကြမှာ ပြောကြမှာ မဟုတ်ပေမယ့် တကယ်လို့ ယူနိုက်တက်က အဲရစ် တန်ဟက်ကို အသင်းကနေ နှုတ်ဆက်လိုက်တာ ဒါမှမဟုတ် ဘိုင်ယန်က တန်ဟက်ဂ်ကို ခေါ်သွားခဲ့တာတို့ ဖြစ်လာရင် ယူနိုက်တက်ဘက်ကလည်း သူတို့ရဲ့ အဓိကပစ်မှတ်က အာတေတာလို့ ပြောလာမယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်။”

“အဲ့ဒီအခါမှာ အာတေတာ ကိုယ်တိုင်ကလည်း ယူနိုက်တက်ဆီအသင်း ပြောင်းရွှေ့ဖို့ စီစဉ်လိမ့်မယ်။ သူက အာဆင်နယ် ကစားသမားတွေကို ‘နားထောင် ဒါက စိတ်ထိခိုက်စရာ ဆိုပေမယ့်လည်း ငါကတော့ သွားရတော့မယ်။ ငါ အသင်းပြောင်းရတော့မယ်။’ လို့ ပြောလာလိမ့်မယ်။” ဆိုပြီး ခိုင်ခိုင်မာမာ ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။