မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှ အသင်းရဲ့ခြေစွမ်းကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခဲ့ပြီး အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ပြဿနာ တစ်ခုကို ထောက်ပြပြောကြားလိုက်ပါတယ်။
ယူနိုက်တက်တို့ဟာ ရာသီသစ်အဖွင့်ပွဲစဉ်မှာ ဂိုးသမား အယ်လ်တေး ဘာယင်ဒီယာရဲ့ ဆိုးရွားတဲ့အမှားကနေတစ်ဆင့် အာဆင်နယ် နောက်ခံအစွန်လူ ရီကာဒို ကာလာဖီအိုရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။
Photo Credit : TBR Football
ဒီပွဲမှာ ယူနိုက်တက် ကစားသမားသစ်တွေဖြစ်တဲ့ ဘရိုင်ယန် အမ်ဘူမိုနဲ့ မားသီးယပ်စ် ကွန်ညာတို့ ပွဲထွက်ပါဝင်ခဲ့ပြီး အလားအလာကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဂိုးသမား ဘာယင်ဒီယာရဲ့ အမှားကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာ အရေးကြီးတဲ့ အမှတ်(၃)မှတ်ကို လက်လွှတ်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဖာဒီနန်က နည်းပြ ရူဘင် အမိုရင်ရဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကို သုံးသပ်ခဲ့ပြီး အသင်းခေါင်းဆောင် ဘရူနိုရဲ့ အဓိကပြဿနာကို ထောက်ပြခဲ့တာပါ။ သူဟာ ယူနိုက်တက်ရဲ့ ကစားပုံမှာ အကောင်းမြင်စရာတွေ ရှိခဲ့ကြောင်းလည်း ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။
“မန်ယူ နဲ့ အာဆင်နယ်ပွဲ။ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းကြီးတစ်သင်းနဲ့ ကစားတဲ့ပွဲတွေထဲမှာ ဒီလောက်ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တာကို အချိန်အတော်ကြာမှ ပြန်မြင်ရတာပါ။”
အကောင်းမြင်စရာများ:
“ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းမှာ ခြိမ်းခြောက်နိုင်ခဲ့တယ်။ အရှိန်အဟုန်လည်း ရှိတယ်။”
“ကွန်ညာ နဲ့ အမ်ဘူမိုတို့ အရမ်းတက်ကြွခဲ့တယ်။ ဘောလုံးရနေချိန်ဖြစ်စေ၊ တန်ပြန်တိုက်စစ်မှာဖြစ်စေ ကြိုးစားပြေးလွှားလိုစိတ်ရှိတဲ့ ကစားသမားတွေ ရှိလာတယ်။”
“ဘောလုံးပိုင်ဆိုင်မှုပုံစံတွေက အနာဂတ်အတွက် အကောင်းမြင်စရာတွေဖြစ်ပြီး လေ့ကျင့်ရေးကွင်းက အချိန်တွေ အရာထင်လာတာကို တွေ့ရတယ်။”
Photo Credit : Goal
အနုတ်လက္ခဏာများ:
“ပေါ့ပေါ့ဆဆ ပေးလိုက်ရတဲ့ဂိုး၊ ဂိုးသမား ဒီထက်ကောင်းအောင်လုပ်ရမယ်။”
“ဘရူနို ကွင်းလယ်အောက်ပိုင်းမှာ ကစားတဲ့အခါ တန်ပြန်တိုက်စစ်မှာတော့ ပိုပြီးပြင်းထန်ဖို့လိုတယ်။ သူ့ရဲ့ ပထမဆုံးအတွေးက ရှေ့ကိုတက်ဖို့ပဲဖြစ်နေတာက ကစားပုံကြမ်းတမ်းတဲ့ အသင်းကြီးတွေနဲ့တွေ့ရင် အာရုံစူးစိုက်မှု လျော့ရဲသွားတဲ့ ပြဿနာဖြစ်လာနိုင်တယ်။”
“တစ်ခါတလေ ဂိုးဧရိယာထဲကို လူအလုံအလောက် မဖြည့်နိုင်ခဲ့ဘူး (ဒါပေမဲ့ ဆက်စ်ကို ဝင်လာရင် ဒီပြဿနာ ပြေလည်သွားနိုင်ပါတယ်)။” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။
နည်းပြ အမိုရင်အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အနုတ်လက္ခဏာဆောင်တဲ့ အချက်တွေကို ပြန်လည်ပြုပြင်ပြီး လာမယ့် သြဂုတ်လ ၂၄ ရက်နေ့ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရလဒ်နဲ့အတူ ပြန်လာနိုင်ဖို့ ရည်မှန်းသွားမှာ ဖြစ်ပါတယ်။