ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဗဟိုနောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ကိုယ်ပိုင် ချန်နယ် တခု ထောင်ကာ ဘောလုံးရေးရာ သုံးသပ်မှုတွေ လုပ်နေတဲ့ ရီယို ဖာဒီနန်က ချယ်လ်ဆီးဟာ သူတို့ရဲ့ နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ အတွင်းသတင်းကို သိထားရကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၄၅နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ်ဖလား ၆ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား (၁၅)လုံး အထိ ရယူထားနိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ခံစစ်မှူးပဲ ဖြစ်ပါတယ်။ တဖက်မှာတော့ အသက် ၅၂နှစ် အရွယ် အာဂျင်တီးနားလူမျိုး ထိပ်တန်းနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစမှာ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football 365

ပိုချက်တီနိုက ချယ်လ်ဆီးထံ ရောက်ရှိကာစမှာ အသင်းနဲ့ လိုက်ဖက်ညီမယ့် ကစားကွက် တခုကို ချမှတ်ပေးဖို့ ရုန်းကန်ခဲ့ရပေမယ့် ရာသီဝက်ကာလ ရောက်တဲ့ အချိန်မှာ အသင်းနဲ့ ကိုက်ညီမယ့် ကစားကွက် တခုကို ရှာဖွေနိုင်ခဲ့သလို နောက်ပိုင်းမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲဆက် အနိုင်ရရှိမှုနဲ့အတူ အဆင့်(၆)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကသာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်မရခဲ့ရင် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ ရှိနေပါတယ်။

Photo Credit: Standard

ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်က အရမ်းကြီး မဆိုးရွားတာကြောင့် ပိုချက်တီနိုဟာ လာမယ့်ရာသီမှာ ချယ်လ်ဆီးရဲ့ နည်းပြချုပ် အဖြစ် ဆက်လက် တာဝန်ယူရလိမ့်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဖာဒီနန်ကတော့ ချယ်လ်ဆီးဟာ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ရာခိုင်နှုန်း များနေကြောင်း ဆိုလာပါတယ်။

ဖာဒီနန်က – “ကျွန်တော်ကတော့ ချယ်လ်ဆီးမှာ နောက်ထပ် နည်းပြအပြောင်းအလဲ ထပ်ရှိလာဦးမယ်လို့ ယူဆထားပါတယ်။ ပိုချက်တီနိုနဲ့ ပတ်သတ်ပြီး ကျွန်တော် ကြားထားတဲ့ သတင်းတွေအရ ဆိုရင် သူဟာ ချယ်လ်ဆီးမှာ ဆက်နေခွင့် ရဖို့ မသေချာသေးပါဘူး။ ထွက်ပေါ်လာတဲ့ အတွင်းသတင်းတွေအရ ပိုချက်တီနိုနဲ့ ချယ်လ်ဆီးရဲ့ လမ်းခွဲဟာ လှပတဲ့ လမ်းခွဲ တခု မဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။