ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်က ဆောင်းဈေးကွက် ပိတ်သိမ်းခါနီးမှာမှ ချယ်လ်ဆီးကနေ မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဗဟို ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ အာဆင်နယ်မှာ အရန်ခုံ ထိုင်နေရလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၅လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို စာချုပ်သစ် ချုပ်ဖို့ ကြိုးစားနေပေမယ့် ဂျော်ဂျင်ဟိုကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ အသင်းပြောင်းဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Football London

အာဆင်နယ်က ဂျော်ဂျင်ဟို အတွက် ချယ်လ်ဆီးထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း + အပိုဆုကြေး ပေါင် ၂သန်း ပေးချေခဲ့ရပြီး ဂျော်ဂျင်ဟိုဟာ အာဆင်နယ်နဲ့ စုစုပေါင်း ၂နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကာ ကျောနံပါတ် ၂၀ကို ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရီယို ဖာဒီနန်ကတော့ အာဆင်နယ် အတွက် ဂျော်ဂျင်ဟိုဟာ ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်ပေမယ့် ဂျော်ဂျင်ဟိုဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့် ရမှာ မဟုတ်ပဲ အရန်ခုံမှာသာ ထိုင်နေရလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Metro

ဖာဒီနန်က – “ကျွန်တော်ကတော့ ဂျော်ဂျင်ဟိုရဲ့ အပြောင်းအရွှေ့ဟာ အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုလို့ ထင်ပါတယ်။ ကျွန်တော်က ဂျော်ဂျင်ဟိုကို မကြာခဏ ဝေဖန်တဲ့သူလို့ နာမည်ကြီးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က ဂျော်ဂျင်ဟိုကို ဝေဖန်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဂျော်ဂျင်ဟိုနဲ့ ချယ်လ်ဆီးရဲ့ ကစားကွက် မလိုက်ဖက်ဖူး ဆိုတာကို ဝေဖန်ခဲ့တာပါ။ ဂျော်ဂျင်ဟို တယောက် ချယ်လ်ဆီးဆီ စရောက်တဲ့ အချိန်မှာ သူ့ရဲ့ ဘေးဖက်တွေမှာ နေရာလွတ်တွေ အများကြီး ရှိခဲ့ပြီးတော့ အဲ့ဒီလို နေရာလွတ်တွေ ရှိနေတာဟာ ကြံ့ခိုင်မှု အားနည်းတဲ့ ဂျော်ဂျင်ဟိုရဲ့ အားနည်းချက်ကို ပေါ်လွင်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ချယ်လ်ဆီးက သူတို့ရဲ့ ကစားကွက်ကို ဂျော်ဂျင်ဟိုနဲ့ လိုက်ဖက်အောင် ပြန်ပြောင်းခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ အနားမှာ လုပ်အားနှုန်း ကောင်းတဲ့ တွဲဖက်တယောက် ရှိနေတာက သူ့ကို ပိုကောင်းတဲ့ ကွင်းလယ်လူ ဖြစ်လာစေပါတယ်။ ခင်ဗျားတို့က ဂျော်ဂျင်ဟိုအပေါ် ဘယ်လိုပဲထင်ထင် ဂျော်ဂျင်ဟိုဟာ ဘောလုံးပေးပို့မှု ကောင်းတဲ့ ကွင်းလယ်လူ တဦးပါ။ သူ့ရဲ့ ခံစစ်ကြောင်းတွေကို ဖြတ်ပြီး ပေးပို့တဲ့ ပေးပို့မှုတွေက အရမ်းကို ကောင်းတာပါ။ သူက နည်းစနစ်ပိုင်းလည်း ကြွယ်ဝပါတယ်။ ဒါကပဲ ဂျော်ဂျင်ဟိုနဲ့ ပါတေးတို့ ကြားမှာ ရှိတဲ့ ကွာခြားချက် တခု ဖြစ်နေပါလိမ့်မယ်။ ဂျော်ဂျင်ဟိုက အာဆင်နယ်ရဲ့ အားနည်းချက်တွေကို လိုက်ဖြည့်ပေးနိုင်မယ့် ကစားသမားမျိုးပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဂျော်ဂျင်ဟိုဟာ အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့် ရလိမ့်မယ်လို့ မထင်ပါဘူး။ ပြီးတော့ အာဆင်နယ်က ဂျော်ဂျင်ဟိုကို သူတို့ရဲ့ အနာဂတ် အစီအစဉ်ထဲမှာ ထည့်သွင်းထားမယ်လို့ မထင်ပါဘူး။ အာဆင်နယ် အတွက် ဂျော်ဂျင်ဟိုက ရေတို သုံးလို့ ရမယ့် ကစားသမားအဆင့်ပါပဲ။ သူတို့က လာမယ့် နွေဈေးကွက်မှာ ဂျော်ဂျင်ဟိုထက် ပိုကောင်းတဲ့ ကွင်းလယ်လူကို ထပ်ခေါ်ပါလိမ့်မယ်” လို့ ဂျော်ဂျင်ဟိုရဲ့ အပြောင်းအရွှေ့ကို သုံးသပ်ပြသွားခဲ့တာပါ။