ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ကိုယ်ပိုင် ချန်နယ်တခု ထောင်ကာ ဘောလုံးရေးရာ သုံးသပ်မှုတွေ လုပ်နေတဲ့ ရီယို ဖာဒီနန်က မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်ကပဲ အနိုင်ရသွားလိမ့်မယ်လို့ ထင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် အင်အားကြီးကလပ် အာဆင်နယ်တို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လာရောက် တွေ့ဆုံနေကြပြီး ပထမအကျော့အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Clutch Points

ဒါကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ ကစားရမယ့် ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ ရှိနေပြီး နှစ်သင်းစလုံးက အနိုင်ရရှိရေး အတွက် အစွမ်းကုန် ဖွင့်တိုက်လာဖို့ ရှိနေတာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ ပွဲစဉ်က ပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ရီယို ဖာဒီနန်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာ အိမ်ရှင်အားသာချက် ရှိနေသလို ဥရောပ အတွေ့အကြုံ များပြားတဲ့ ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကို အနိုင်ယူ ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ဆီ တက်ဖို့ ရာခိုင်နှုန်း များနေကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Goal

ရီယို ဖာဒီနန်က – “ကျွန်တော်ကတော့ ဘိုင်ယန်မြူးနစ်ဟာ နောက်တဆင့် တက်ဖို့ ရေပန်းစားနေတယ်လို့ မြင်ပါတယ်။ ဘိုင်ယန်က အိမ်ရှင် ဖြစ်သလို ဥရောပအတွေ့အကြုံလည်း ရင့်ပါတယ်။ အာဆင်နယ်ကလည်း အဝေးကွင်းမှာ နိုင်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘိုင်ယန်မြူးနစ်ကပဲ နိုင်သွားလိမ့်မယ်လို့ ထင်နေပါတယ်။ ဟယ်ရီကိန်းက အာဆင်နယ်ကို ဥရောပပြိုင်ပွဲ ကနေ ကန်ထုတ်လိုက်တဲ့ မြင်ကွင်းမျိုးကို မြင်ယောင်ကြည့်ကြစမ်းပါ။ အာဆင်နယ် အတွက် ဒီရာသီမှာ အရေးအကြီးဆုံးပွဲက ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် အဲ့ဒီပွဲပါပဲ။ တကယ်လို့ သူတို့ကသာ အဲ့ဒီပွဲမှာ ရှုံးနိမ့်သွားမယ် ဆိုရင် သူတို့က မီခေး အာတီတာရဲ့ လက်ထက်မှာ အဆိုးဝါးဆုံး အခြေအနေဆီ ရောက်သွားပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။

လတ်တလောမှာ ခြေစွမ်းပိုင်းအရ အာဆင်နယ်က ဘိုင်ယန်မြူးနစ်ထက် အနည်းငယ် အသာစီး ရနေပေမယ့် အိမ်ရှင်အားသာချက်ရော ၊ ဥရောပအတွေ့အကြုံပါ သာနေတဲ့ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ မနိုင်ရင်တောင် အရှုံးခံမယ့် ပုံစံမှာ မရှိတာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်က အချိန်ပိုအထိပါ ရောက်ရှိသွားနိုင်ပါတယ်။