ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ် ဟယ်ရီကိန်းဟာ လာမယ့်နွေဈေးကွက်မှာ စပါးကို စွန့်ခွာကာ ယူနိုက်တက်ဆီ ပြောင်းလာမယ်လို့ မထင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဝိန်းရွန်းနီ ၊ ဗန်ပါစီနဲ့ အီဘရာဟီမိုဗစ်တို့ မရှိတော့တဲ့နောက် တိုက်စစ်ပိုင်းမှာ ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှူး တဦး မရှိတော့တာကြောင့် ဂိုးရဖို့ အတွက် ကွင်းလယ်လူတွေနဲ့ တောင်ပံတိုက်စစ် ကစားသမားတွေကိုသာ အားကိုးခဲ့ရပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက်မှာ ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၊ နာပိုလီတိုက်စစ်မှူး အိုဆီမန် ၊ ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်တို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေပါတယ်။

အဆိုပါ တိုက်စစ်မှူး ၃ဦးအနက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းမှာ မြင်တွေ့ချင်နေကြပြီး အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဂန္တဝင် ခံစစ်မှူး ဖာဒီနန်ကတော့ ဟယ်ရီကိန်းဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာမယ်လို့ မထင်ပဲ စပါးမှာသာ ဆက်နေနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Team Talk

ဖာဒီနန်က – “တကယ်လို့ ကျွန်တော်ကသာ လောင်းကစားသမား တယောက် ဆိုရင် ကျွန်တော်က ဟယ်ရီကိန်းဟာ စပါးမှာပဲ ဆက်နေမယ် ဆိုတာကို လောင်းပါမယ်။ ဟယ်ရီကိန်းက စပါးရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို မကြာသေးမီကမှ ရထားတဲ့ ကစားသမားပါ။ ကစားသမား အများစုက ဆုဖလားတွေ မရတဲ့ အပေါ် စိတ်ပျက်တာမျိုး ရှိကြပေမယ့် လူတကိုယ် ၊ အကြိုက်တမျိုးပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဟယ်ရီကိန်း တယောက် သူ့ရဲ့ အနာဂတ် အတွက် ဘာလုပ်ချင်လဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြစေချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့က ဟယ်ရီကိန်းရဲ့ ဆုံးဖြတ်ချက်ကို သိရမှာပါ။ ဒါပေမယ့် ဘောလုံးလောကမှာ အနာဂတ် ဆိုတာဟာ စီးပွားရေး တခုပါပဲ။ မကြာခင်မှာ ဟယ်ရီကိန်းက စပါးဆီကနေ စာချုပ်သစ် ကမ်းလှမ်းမှုကို ရပါလိမ့်မယ်။ တကယ်လို့ သူကသာ စပါးမှာပဲ ဆက်နေချင်တယ်လို့ ပြောခဲ့ရင် စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်တဲ့ အခါ လိုချင်တဲ့ ကိန်းဂဏန်းတွေ ရဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က သူ့ရဲ့ နှုတ်ဆိတ်နေမှုကိုလည်း နားလည်ပေးရပါမယ်။ ဒါပေမယ့် တကယ်လို့ ဟယ်ရီကိန်းကသာ စပါးမှာ ဆက်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့က သူ့ဆီကနေ စာချုပ်သစ် ချုပ်ရတဲ့ ရည်ရွယ်ချက်ကို သိချင်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။