အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်အနေနဲ့ ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိန်းနူးကို ဆက်လက် အသုံးပြုသွားသင့်တယ်လို့ အင်္ဂလန် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က အကြံပြုလိုက်ပါတယ်။
ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး မတိုင်ခင်တုန်းက သူတို့အသင်းမှာ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း ကစားသမားကောင်းတွေကြောင့် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့်လည်း တကယ်တမ်း ပြိုင်ပွဲ စတင်ချိန်မှာတော့ အင်္ဂလန်ဟာ ချန်ပီယံ ဖြစ်နိုင်လောက်တဲ့ ခြေစွမ်းခြေစမျိုးမှာ ရှိမနေပဲ ပွဲတိုင်း ရုနး်ကန်နေခဲ့ရပါတယ်။
Photo Credit : Sky Sports
အုပ်စု(၃)ပွဲ ရှုံးထွက် (၁)ပွဲ စုစုပေါင်း (၄)ပွဲလုံးမှာ အင်္ဂလန်ရဲ့ ကစားကွက်က အားရစရာ ရှိမနေသေးပဲ နည်းပြဆောက်ဂိတ်ရဲ့ ကစားသမား အသုံးပြုမှုနဲ့ ကစားသမားတွေရဲ့ အားထုတ်မှုတွေက မေးခွန်းထုတ်စရာ ဖြစ်နေရပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်က ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ သူပုံမှန် သုံးနေကြ ကစားကွက်ကို အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဆောက်ဂိတ်ဟာ ခံစစ်တန်းမှာ (၃)ယောက်တန်းခံစစ်ကို အသုံးပြုပြီး ပွဲပယ်ခံရတော့မယ့် ဂူဟီအစား ကွန်ဆာကို ဝေါ်ကာ စတုန်းစ်တို့နဲ့ တွဲဖက်ရင်း အာနိုးနဲ့ ဆာကာတို့ကိုတော့ wing-backs တွေအဖြစ် အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်နဲ့အတူ ဘယ်ကစားသမားကို တွဲဖက်မလဲဆိုတာ မသိရသေးပေမယ့် ဖာဒီနန်ကတော့ မိန်းနူးကိုပဲ ဆက်သုံးဖို့ အကြံပြုသွားပါတယ်။
Photo Credit : Daily Express
ဖာဒီနန်က “တကယ်လို့ အင်္ဂလန်ရဲ့ ပွဲထွက်ကစားသမားစာရင်းထဲမှာ ကိုဘီ မိန်းနူး မပါလာခဲ့ဘူးဆိုရင်တော့ ကျွန်တော် ဂျာမနီကနေ ပြန်လာခဲ့လိုက်တော့မယ်။” ဆိုပြီး ရေးသား ဖော်ပြထားခဲ့ပါတယ်။ ဖာဒီနန်က အင်္ဂလန် ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်နဲ့ မိန်းနူးအတွဲအဖက်ကိုသာ ဆွစ်နဲ့ပွဲမှာ မြင်တွေ့ချင်ပြီး အာနိုး ဂါလက်ဂါတို့ထက် မိန်းနူးကိုပဲ သုံးစေချင်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။
အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားလေးဟာ ဆလိုဗက်ကီးယားနဲ့ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှသာ အင်္ဂလန်အတွက် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ပထမဆုံး ပွဲထွက်ကစားပေးခဲ့ရတာဖြစ်ပြီး ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲမှာလည်း ပွဲထွက်ကစားရဖွယ် ရှိနေပါတယ်။