မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ် ကစားသမားသစ် ရက်စမတ် ဟွိုင်လန်းက သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်လို အခြေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ရီယို ဖာဒီနန်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်က အသင်း တိုက်စစ်ပိုင်းအတွက် အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းကို ပေါင် (၇၂)သန်းနဲ့ ခေါ်ယူခဲ့ပြီး မကြာခင်မှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားဖို့ ရှိနေရာ အသက် (၂၀)အရွယ် ကစားသမားအတွက် အချိန်ပေးရမယ်လို့ ဖာဒီနန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Express

“သူ ကစားတာကို မြင်ဖူးတဲ့သူတိုင်း သူ့ဆီမှာ လိုချင်တဲ့ အရည်အချင်းတွေ ရှိနေတာကို တွေ့ပါလိမ့်မယ်။ သူက ပရီးမီးယားလိဂ်နဲ့လည်း အံ့ဝင်ပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးလ်က ဒါဝင် နူးနက်ဇ်နဲ့ ခပ်ဆင်ဆင် တူနေလိမ့်မယ်လို့ ကျွန်တော် ထင်မိတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက သူရဲ့ခြေစွမ်းတွေအတွက် ချိန်ညှိခဲ့ရသေးတယ်။”

“သူက ဒီလိဂ်ကို ရောက်လာတဲ့ ငယ်ရွယ် နုနယ်တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပြီး သူနဲ့ ပတ်သက်သမျှ အရာအားလုံးက ပရီးမီးယားလိဂ်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်ခဲ့ပေမယ့်လည်း သူ နှစ်သက်တဲ့ ပုံစံမျိုးနဲ့တော့ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီရာသီမှာတော့ သူ့ကို လီဗာပူးလ်အတွက် မတူညီတဲ့ ကစားသမားတစ်ယောက်အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။”

Photo Credit : The Sun

“ဟွိုင်လန်းအနေနဲ့ နူးနက်ဇ်လို အခြေအနေမျိုး ကြုံသွားရမယ်ဆိုရင်တောင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။ သူက ဒီလိဂ်ကြီးမှာ ကောင်းကောင်း လုပ်ဆောင်ပြနိုင်မှာ ဖြစ်ပေမယ့်လည်း ဒီလိဂ်နဲ့ အသားကျနိုင်ဖို့အတွက် အချိန်ယူရပါမယ်။ သူ့အတွက် အကောင်းဆုံး ဘောလုံးရာသီတစ်ခု ဖြစ်လာစေချင်ပါတယ်” လို့ ဟွိုင်လန်းနဲ့ ပတ်သက်ပြီး ဖာဒီနန်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ အသင်း တိုက်စစ်ပိုင်းအတွက် ဟွိုင်လန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်လို့ ဒီနွေရဲ့ နောက်ဆုံးသော ကစားသမား ခေါ်ယူမှုအဖြစ် ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖန် အမ်မရာဘတ်ကို ထပ်မံ ခေါ်ယူဖွယ် ရှိနေပါတယ်။