မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရာသီကို ဆုဖလားတစ်လုံးနဲ့ အဆုံးသတ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် အရေးပါတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို အာရုံစိုက်ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ အသင်းနှစ်သင်းလုံးဟာ လက်ရှိမှာ ခြေစွမ်းပိုင်း ယိုင်နဲ့နေကြပါတယ်။

ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ စပါးအသင်းနဲ့တွေ့ရင် ယူနိုက်တက်အနေနဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းမှာ အခက်တွေ့နိုင်တယ်လို့ စိုးရိမ်နေပါတယ်။ သူက လက်ရှိ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းကိုမှ လူအင်အား အားအင်နဲ့ အမီလိုက်မကစားနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

Photo Credit : Daily Mail

ဖာဒီနန်က သူ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေရဲ့ အရှိန်အဟုန်နဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မယှဉ်နိုင်မှာကို အဓိက စိုးရိမ်နေပါတယ်။ ဒီရာသီ ယူရိုပါလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တာက အင်္ဂလန်အသင်းတွေနဲ့ မတွေ့သေးတာကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ “ယူနိုက်တက်ဘက်ကနေကြည့်ရင် ကျွန်တော့်အတွက် စိုးရိမ်စရာက ပရီးမီးယားလိဂ်က ဘယ်အသင်းနဲ့မှ ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းမှာ ကျွန်တော်တို့ လိုက်မမီနိုင်တာပဲ။”

“သူတို့က တစ်ယောက်ချင်းထောက်ပြီး အကြိတ်အနယ် ကစားလာရင် ကျွန်တော်တို့ အားနည်းချက် ဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့ ယူနိုက်တက် ကစားသမားတွေရဲ့ ပုံစံက တခြားအသင်းတွေလောက် ပြင်းပြင်းထန်ထန် မြန်မြန်ဆန်ဆန် အချိန်ကြာကြာ မပြေးနိုင်ဘူး။ အားမကောင်းဘူး။ ဒါက ပရီးမီးယားလိဂ်မှာ အကြီးကြီး ကွာခြားတယ်။ ယူရိုပါလိဂ်မှာတော့ ကျွန်တော်တို့က တခြားအသင်းတိုင်းကို အနိုင်ယူနေတာပါ။”

Photo Credit : Evening Standard

“ယူရိုပါလိဂ်မှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပြီး ‘အိုး၊ ဒါတော့ အရမ်းကပ်သီးလေးပဲ’လို့ ထင်ခဲ့ရတဲ့ တစ်သင်းတည်းသော အသင်းက ရိန်းဂျားစ်ပဲ။ သူတို့က ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းမှာ ပရီးမီးယားလိဂ်အသင်းနဲ့ ပိုတူတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ ကျွန်တော်တို့ကို (၃)ကြိမ်တောင်အနိုင်ရထားတဲ့ အနည်းဆုံးတော့ ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းမှာ ကျွန်တော်တို့နဲ့ ယှဉ်နိုင်တဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာကို ကျွန်တော် စိုးရိမ်နေတာပါ။” လို့ ဖာဒီနန်က talkSPORT ကို ပြောပါတယ်။

လက်ရှိ အမော်ရင်လက်အောက်က အသင်းဟာ အရင်နဲ့မတူတော့တာကြောင့် ဘီလ်ဘာအိုမှာ စပါးအသင်းက သူတို့ကို အနိုင်ယူသွားရင်တောင် အံ့ဩမှာမဟုတ်ဘူးလို့ ဖာဒီနန်က ဆိုပါတယ်။ “ရိုးရိုးသားသားပြောရရင် ဒီပွဲရလဒ်ကို ကျွန်တော် ခန့်မှန်းလို့မရဘူး။ ယူနိုက်တက်က အရမ်းမတည်ငြိမ်ဘူး။ ဒါမှမဟုတ် ပရီးမီးယားလိဂ်မှာ တစ်သမတ်တည်း ညံ့နေတယ်။ ဒါပေမဲ့ သူတို့က ပရီးမီးယားလိဂ်မှာ အလားတူ တစ်သမတ်တည်း ညံ့နေတဲ့ စပါးနဲ့ ကစားရမှာ။ ဒါပေမဲ့ သူတို့မှာ ပွဲတစ်ပွဲကို အနိုင်ရအောင် လုပ်နိုင်တဲ့ ကစားသမားတွေရှိတယ်။ ဒါကြောင့် ခန့်မှန်းရခက်တဲ့ပွဲ ဖြစ်နေတာ။ ပရိသတ်တွေအနေနဲ့ စပါးနိုင်သွားရင် အရမ်းအံ့ဩနေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့က ဒီရာသီမှာ ကျွန်တော်တို့ကို (၃)ကြိမ်နိုင်ထားပြီးသား။ ဒီတော့ စတုတ္ထအကြိမ်နိုင်သွားရင်လည်း အံ့ဩစရာမဟုတ်တော့ဘူး။ ‘ဘုရားရေ၊ မယုံနိုင်စရာပဲ’ လို့ ပြောမယ့်သူတွေကတော့ တော်တော်မိုက်မဲရာကျလိမ့်မယ်။ ကျွန်တော်တို့ အဆင့်(၁၆)မှာရှိနေတာ ပွဲတွေအများကြီးရှုံးလို့ပဲ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ(၁၈)ပွဲရှုံးထားတယ်။ စပါးနဲ့ပွဲမှာ ကျွန်တော်တို့မနိုင်ရင် အံ့ဩနေတဲ့သူမှန်သမျှ ကျွန်တော့်အမြင်မှာတော့ ရူးနေတဲ့သူပဲ။” လို့ ဖာဒီနန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။