မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ စပိန်ထိပ်တန်းကလပ် ဘာစီလိုနာအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေပါပြီ။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ယူနိုက်တက်ရဲ့ ဂန္ထဝင်နောက်ခံလူကြီး ရီယို ဖာဒီနန်က သူ့ရဲ့အမြင်ကို ပြောကြားခဲ့ရာမှာ ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာရဲ့ လက်ရှိတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရောဘတ် လီဝန်ဒေါစကီး၊ လာမင်း ယာမယ် နဲ့ ရာဖင်ညာတို့မှာ မရှိတဲ့ ထူးခြားတဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာအပြောင်းအရွှေ့ဟာ အငှားစာချုပ်ဖြစ်ပြီး ယူရိုသန်း(၃၀) တန်ဖိုးရှိတဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်မှာ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီဝက်ကို အက်စတွန် ဗီလာအသင်းမှာ အငှားသွားရောက်ကစားခဲ့သူဖြစ်ပြီး အထောင်တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတွေမှာ ကစားပေးနိုင်ခဲ့ပါတယ်။။ ဒါပေမဲ့ ဘာစီလိုနာမှာတော့ သူ့အတွက် ပွဲထွက်ခွင့်က အဆင်သင့်ရှိနေမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ နံပါတ်(၉) တိုက်စစ်မှူး လီဝန်ဒေါစကီးက (၄၂)ဂိုးအထိ သွင်းယူထားသလို ဘယ်တောင်ပံကစားသမား ရာဖင်ညာကလည်း (၅၇)ပွဲမှာ ဂိုးဖန်တီးမှုနဲ့ သွင်းဂိုး စုစုပေါင်း (၅၉)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဖာဒီနန်က “ရပ်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးနှစ်တွေဟာ ယူနိုက်တက်မှာ ပြိုင်ဘက်ခံစစ်ကို ဖြတ်ကျော်ပြီး ပြင်းထန်တဲ့အပြေးတွေနဲ့ ဂိုးသွင်းခဲ့တဲ့ အချိန်တွေပါ။ ဒီလိုအပြေးတွေက သူ့ကို ထူးခြားစေခဲ့တယ်။ ဘာစီလိုနာရဲ့ လက်ရှိတိုက်စစ်မှူးတွေဖြစ်တဲ့ ရာဖင်ညာ ယာမာလ်နဲ့ လီဝန်ဒေါစကီးတို့မှာ ဒီလိုအရည်အသွေး မရှိပါဘူး။ရပ်ရှ်ဖို့ဒ်က ဘယ်မှာကစားမှာလဲ။ သူဟာ ဒီအသင်းထဲ ဝင်ရောက်ယှဉ်ပြိုင်ရမယ်။”

“လွန်ခဲ့တဲ့ (၂)နှစ်အတွင်း သူရဲ့ခြေစွမ်းက ကျဆင်းနေခဲ့ပြီး ပထမဆုံးမြင်ခဲ့ရတဲ့ နောက်တန်းကို ဖြတ်ကျော်ပြီး ပြင်းထန်တဲ့ အပြေးနဲ့ ဂိုးသွင်းတတ်တဲ့ ရပ်ရှ်ဖို့ဒ်မဟုတ်တော့ဘူး။ သူဟာ ဘောလုံးကို ပိုမိုထိန်းချုပ်ပြီး ဖြတ်ကစားဖို့ ကြိုးစားနေပေမယ့် သူ့ကို ကစားရခက်ခဲစေခဲ့တာက နောက်တန်းကို ဖြတ်ကျော်ပြေးတတ်တဲ့ အရည်အသွေးပါ။ ဒီအချက်ကို သူ ပြန်လည်တည်ဆောက်နိုင်ရင် ဘာစီလိုနာအတွက် ထူးခြားတဲ့အချက်ဖြစ်လာနိုင်တယ်။ ဒီလိုကစားပုံကို သူ ကောင်းကောင်းလုပ်နိုင်ပြီ ပုံမှန်လုပ်နိုင်ပြီဆိုရင် သူက တကယ့်ကို မှော်ဆရာပဲ။”

Photo Credit : Football Insider

“ဒီအချက်ကပဲ ဘာစီလိုနာအသင်းအတွက် ကွာခြားမှုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ရာဖင်ညာက ခံစစ်တန်းကို ဖြတ်ကျော်ပြေးရတာကို မကြိုက်ဘူးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက ဘောလုံးကို ခြေထောက်ထဲ တိုက်ရိုက်ရတာ ပိုကြိုက်တယ်။ လာမင်း ယာမယ်ကလည်း ဘောလုံးကို ခြေထောက်ထဲရမှ ဆွဲပြေးပြီး တစ်ဦးချင်းထိုးဖောက်ချင်တဲ့သူမျိုး။ လီဝန်ဒေါစကီးကတော့ အရင်လို ခံစစ်တန်းကို ပြေးလွှားနိုင်တဲ့သူ မဟုတ်တော့ဘူး။ သူက ပစ်မှတ်တိုက်စစ်မှူး (Target Man) ပုံစံ ပိုဆန်ပြီး ဂိုးသွင်းကောင်းသူ ဖြစ်နေပါပြီ။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ဖာဒီနန်ရဲ့အဆိုအရ ရပ်ရှ်ဖို့ဒ်ဟာ အသင်းကိုရောက်ရောက်ချင်း ပွဲထွက်ကစားသမားဖြစ်လာမှာ မဟုတ်ဘဲ အသင်းရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် “Impact Player” အဖြစ် အရေးပါလာနိုင်တယ်လို့ ဆိုပါတယ်။ “သူက ဒီအသင်းမှာ အလိုအလျောက် ပွဲထွက်ခွင့်ရမှာ မဟုတ်ပေမယ့် အသင်းထဲဝင်ပြီး ကြီးမားတဲ့ သက်ရောက်မှုတွေ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ကလည်း ‘ငါတို့ဆီမှာရှိပြီးသား ကစားသမားတွေနဲ့ မတူတဲ့ ပုံစံတစ်ခုကို ပေးစွမ်းနိုင်မယ့်သူ’ ကို လိုချင်နေမှာပါ။ သူလုပ်ရမှာက ဘယ်သူ့နေရာကို အစားထိုးဖို့မှ မဟုတ်ပါဘူး။ အသင်းအတွက် တန်ဖိုးတိုးအောင် အားဖြည့်ပေးဖို့ပဲ ဖြစ်ပါတယ်” လို့ ဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။