မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်း်တို့ရဲ့ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က အာဆင်နယ်ဟာ ရာဟင်း စတာလင်းလို အတွေ့အကြုံရှိ ကစားသမားတစ်ဦးကို ခေါ်ယူ ဖြည့်တင်းလိုက်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ပိုမို အားကောင်းလာလိမ့်မယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ နောက်ခံလူ ရီကာဒို ကာလာဖီအိုရီ ကွင်းလယ်လူ မီခယ်လ် မယ်ရီနိုနဲ့ ဂိုးသမား နက်တိုတို့ကို ခေါ်ယူခဲ့ပြီးတဲ့နောက် အပြောင်းအရွှေ့ နောက်ဆုံးနေ့ နောက်ဆုံးအချိန်မှာပဲ စတားလင်းကို ချယ်လ်ဆီးအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ အံ့အားသင့်စဖွယ် ခေါ်ယူလိုက်ပါတယ်။

Photo Credit : Eurosport

လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ ပွဲပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ အသက် (၂၉)နှစ်အရွယ် ဘယ်တောင်ပံကစားသမား စတားလင်းဟာ အသင်းဟောင်း မန်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ အာတီတာနဲ့ အာဆင်နယ်မှာ ပြန်လည် လက်တွဲသွားရတော့မှာဖြစ်ပြီး အာဆင်နယ်ဟာ သူ့အတွက် ပြီးပြည့်စုံပြီး လိုက်ဖက်မှု အရှိဆုံးအသင်းလို့ပါ စတားလင်းက ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ဘောလုံး pundit အဖြစ် ဆောင်ရွှက်နေတဲ့ ဖာဒီနန်ကလည်း စတားလင်း အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး “အာဆင်နယ်ရဲ့ ရှုထောင့်ကနေကြည့်ရင် ဒါက ရယ်စရာကောင်းတဲ့ စီးပွားရေးတစ်ခုလိုပါပဲ။ အတွေ့အကြုံရှိတဲ့ တောင်ပံကစားသမား အသက်ကလည်း (၂၀)ကျော်လို့ (၃၀)နားတောင် ကပ်နေပြီ။ ပြီးတော့ ပရီးမီးယားလိဂ်ဖလားကို (၄)ကြိမ်ထိ ဆွတ်ခူးထားတဲ့ ကစားသမားကို ရလိုက်တာ။”

Photo Credit : Tribuna

“သူက ဒီဖလားကို ဘယ်လိုယူရမလဲဆိုတာ သိနေတယ်။ ဒီနိုင်ငံက ကလပ်အသင်းကြီး တချို့မှာလည်း သူကစားခဲ့ဖူးပြီ။ အင်္ဂလန်အတွက်လည်း ပွဲပေါင်း (၈၀)ထိ ကစားထားပြီးတော့ အတွေ့အကြုံလည်း ရှိတယ်။ ဆုဖလားတွေ ရယူနိုင်တဲ့ လမ်းကြောင်းကိုလည်း သူသိနေတယ်။ အဲ့ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။”

“စတားလင်းကို ခေါ်ယူလိုက်နိုင်တာက အာဆင်နယ်အတွက်တော့ လုံးဝ လိုက်ဖက်မှုတစ်ခုကို ရလိုက်သလိုပါပဲ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်က စတားလင်းကို မခေါ်ယူခင် တိုက်စစ်ပိုင်းက အက်ဒီ အန်ခယ်တီယာနဲ့ ရီးစ် နယ်လ်ဆင်တို့ကို အသင်းကနေ ရှင်းထုတ်ထားခဲ့တာကြောင့် စတားလင်းက အာဆင်နယ် တိုက်စစ်မှာ ဘယ်ခြမ်းရော ညာခြမ်းပါ ကစားရဖို့ ရှိနိုင်ပြီး ပွဲကစားချိန်လည်း အမြောက်အများ ရရှိဖွယ် ရှိနိုင်ပါတယ်။