တူရကီ ထိပ်သီးကလပ် ဖီနာဘာချီက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် မရေရာတော့တဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်တိုက်စစ်မှူး အန်သိုနီ မာရှယ်က ၂၀၁၅ခုနှစ်မှာ မိုနာကို ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်မှာ ဆယ်စုနှစ် တစုနီးပါး ကစားခဲ့တဲ့ တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အန်သိုနီ မာရှယ်ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ အစပိုင်းဟာ အတော်လေးကို အဆင်ပြေ ချောမွေ့ခဲ့ပေမယ့် နောက်ပိုင်းမှာ နည်းပြအပြောင်းအလဲတွေ ၊ ဒဏ်ရာပြဿနာတွေကြောင့် မာရှယ်က ခြေစွမ်းတွေ ထိုးကျသွားခဲ့ပြီး တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မာရှယ်ဟာ အရန်တိုက်စစ်မှူး အဖြစ်သာ ကစားခွင့် ရနေပါတယ်။

ဒါကြောင့်ပဲ အန်သိုနီ မာရှယ်က သူ့ရဲ့ ကစားသမားဘဝ အတွက် အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ကလည်း အလုပ်မဖြစ်တော့တဲ့ မာရှယ်ကို ရောင်းချကာ အသင်းအတွက် ဝင်ငွေ ရှာချင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိတဲ့ ဖီနာဘာချီက မာရှယ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မာရှယ်ကို ယခု ဆောင်းဈေးကွက် အတွင်းမှာ ရောင်းချဖို့ မလွယ်ကူတာကြောင့် ဖီနာဘာချီရဲ့ အငှားကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိပေမယ့် အငှား + ရာသီကုန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ သဘောတူညီချက်မျိုး ရမှသာ မာရှယ်ကို အငှားချဖွယ် ရှိနေပါတယ်။