စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် ကနေ ပြည်တွင်းပြိုင်ဘက် ဘာစီလိုနာဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်က ဘာစီလိုနာဟာ သူ့ရဲ့ လက်ရွေးစင်အသင်းဖော် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ်က ဘာစီလိုနာဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၂၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးနဲ့ ပေါ်တူဂီတို့ရဲ့ မရှိမဖြစ် ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။

ဂျာအို ဖီးလစ်ရဲ့ ဘာစီလိုနာက ဒီရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပေမယ့် သူတို့အသင်းမှာ ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကွင်းလယ်ဖန်တီးရှင် မရှိတာကြောင့် သွင်းဂိုးတွေ ရဖို့ တောင်ပံနှစ်ဖက်ကိုသာ အားပြု ကစားနေရပြီး ဂျာအို ဖီးလစ်ကတော့ သူတို့အသင်းဟာ လာမယ့် နွေဈေးကွက်မှာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူသင့်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေကို အကြံပေးလိုက်ပါတယ်။

Photo Credit: Tribuna

ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူသင့်ကြောင်းအား ဂျာအို ဖီးလစ်က – “ကျွန်တော်ကတော့ ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဘာနာဒို ဆေးလ်ဗားက ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်သလို လူကောင်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေက စပိန်နိုင်ငံမှာ နေကြလို့ သူက အမြဲတမ်း ကျွန်တော့်ကို ဘာစီလိုနာရဲ့ အကြောင်းတွေ မေးလေ့ ရှိပါတယ်။ ကျွန်တော်ကတော့ ဘာနာဒို ဆေးလ်ဗားကို ဘာစီလိုနာဟာ ပြီးပြည့်စုံတဲ့အသင်း ဖြစ်ကြောင်းနဲ့ ကျွန်တော်တို့ဆီ လာခဲ့ဖို့ ပြောခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဘာနာဒို ဆေးလ်ဗားက မကြာသေးမီကမှ မန်ချက်စတာ စီးတီးနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် စာချုပ်သစ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၅၀သန်းသာ ရှိတာကြောင့် ဘာစီလိုနာကသာ ဘာနာဒို ဆေးလ်ဗားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ရင် မန်ချက်စတာ စီးတီးကို စာချုပ်ဖျက်သိမ်းကြေး ပေးလိုက်ရုံနဲ့ ဘာနာဒို ဆေးလ်ဗားကို အလွယ်တကူ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။