ဘာစီလိုနာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်က သူတို့ ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လာလီဂါ အမှတ်ပေး ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖေယ် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ မနေ့ညက ဂီတာဖေးအသင်းကို (၄)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဂျီရိုနာအသင်းထက် (၁)ပွဲအသာ (၁)မှတ်အသာနဲ့ ဒုတိယနေရာကို တက်လှမ်းခဲ့သလို ထိပ်ဆုံးက ရီးယဲလ်အသင်းနဲ့လည်း (၁)ပွဲအသာ (၅)မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

Photo Credit : theScore

အခုဆိုရင် ဘာစီလိုနာအသင်းက နောက်ဆုံး ကစားထားတဲ့ လာလီဂါ (၅)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် ကစားထားနိုင်ပြီး ဂရန်နာဒါ တစ်သင်းတည်းနဲ့ သရေကျထားကာ ကျန်တဲ့ပွဲတွေကိုတော့ နိုင်ပွဲ ရယူထားနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ဘာစီလိုနာဟာ လာလီဂါ ချန်ပီယံဆုအတွက် ရီးယဲလ် တစ်သင်းတည်းနဲ့သာ ယှဉ်ပြိုင်ရတော့တာ မဟုတ်ပဲ အတော်လေးကို စွမ်းဆောင်ရည် မြင့်မားနေတဲ့ ဂျီရိုနာအသင်းနဲ့ပါ ယှဉ်ပြိုင်နေရတာဖြစ်ပြီး ရီးယဲလ်က ဒီညမှာ ဆီဗီလာနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေသလို ဂျီရိုနာကတော့ မနက်ဖြန်မှ ဗယ်လက်ကာနိုနဲ့ ရင်ဆိုင်ရပါမယ်။

Photo Credit : ESPN

 

ဒီလို အနီးကပ် ပြိုင်ဘက်အသင်းတွေရဲ့ ပွဲစဉ်တွေ မကစားခင်မှာ သူတို့အသင်းဘက်က အခုလို နိုင်ပွဲရထားခြင်းက ပြိုင်ဘက်တွေအတွက် ဖိအားတွေ ဖြစ်စေရတယ်လို့ ဂျာအို ဖီးလစ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့က ဇယားထိပ်နားက အသင်းတွေကို ဖိအားပေးထားပါတယ်။ တကယ်လို့ ကျွန်တော်တို့အသင်းသာ နိုင်ပွဲမရထားခဲ့ဘူးဆိုရင် သူတို့လည်း ဖိအားတွေနဲ့ ကစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ သူတို့ ခြေချော်လို့ မဖြစ်ဘူးဆိုတဲ့ ဖိအားများနဲ့ သူတို့ရဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်သွားရပါတော့မယ်။” လို့ ဖီးလစ်က ပြောကြားသွားခဲ့ပါတယ်။