ဒီနေ့ မနက်အစောပိုင်း အဲဗာတန်ရဲ့ ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ အိမ်ရှင်အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ မာဆေးဆိုက်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကြရင်း အဲဗာတန်က (၂)ဂိုးပြတ်နဲ့ အနိုင်ရရှိရင်း လီဗာပူးလ်ရဲ့ title race မျှော်လင့်ချက်ကိုပါ ရိုက်ချိုးသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြ ယာဂန် ကလော့ပ်လက်ထက် ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲ မှန်သမျှ တစ်ခါမှ မရှုံးခဲ့ဖူးပေမယ့်လည်း အခုပွဲမှာတော့ ဒီနောက်ပိုင်း လီဗာပူးလ်ရဲ့ ပြသာနာတွေဖြစ်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တာ ၊ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်း ကျဆင်းနေတာတွေနဲ့ ခံစစ်ပိုင်း ယိုယွင်းမှုတွေက အသင်းအတွက် ထိုးနှက်ချက်တွေ ဖြစ်သွားခဲ့ပါတယ်။

Photo Credit : Livescore

တကယ်တော့ အဲဗာတန်က ဒီရာသီမှာ အမှတ်လျှော့ခံရတဲ့ ပြသာနာတွေနဲ့ တန်းဆင်းဇုန်နားမှာ ရစ်သီသီ ဖြစ်နေရပေမယ့် ဒီပွဲမှာတော့ သူတို့ရဲ့ အခါးသီးဆုံး မြို့ခံပြိုင်ဘက်ကို အနိုင်ယူရင်း တန်းဆင်းဇုန်နဲ့ အမှတ်ကွာဟချက်ပါ တဖြည်းဖြည်း ကြီးမားလာခဲ့ရပါတယ်။

အဲဗာတန်အတွက် ပိုပြီး ချိုမြိန်စေခဲ့ရတာက လီဗာပူးလ်ရဲ့ title race မျှော်လင့်ချက်တွေကိုပါ ဖျက်ဆီးခွင့် ရသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက “ဒါက အဲဗာတန်အသင်းရဲ့ ညတစ်ညပါပဲ။ ဒါက မလွယ်ပါဘူး။ ဒါဘီပွဲတွေမှာ သူတို့ရဲ့ စံချိန်တွေကို မြင်တွေ့ဖူးသားမို့ လီဗာပူးလ် ပရိသတ်တစ်ယောက်အနေနဲ့ ဒါကို လက်ခံရပါမယ်။”

Photo Credit : DaveOCKOP

“ဒီရှုံးပွဲက လီဗာပူးလ်အသင်းအတွက် ဆုဖလား မျှော်လင့်ချက်တွေ လုံးဝ ပြီးဆုံးသွားသလိုပါပဲ။ အဆုံးသတ်သွားခဲ့ရပြီလို့ ခံစားမိခဲ့ရပါတယ်။ အခုက ဒီရာသီထဲ ကောင်းမွန် ခိုင်မာတဲ့ အဆင့်ရပ်တည်ချက်မျိုး ဖြစ်နေဖို့အတွက်ကိုပဲ လုပ်ဆောင်ရပါတော့မယ်။ သူတို့က ဒီပွဲထဲမှာလည်း လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ သူတို့က ဧရိယာထဲ အဆုံးသတ်ပိုင်း အားနည်းလွန်းပါတယ်။”

“အခုအချိန်က အသင်းနဲ့ နည်းပြကလော့ပ်အပေါ်မှာ အရမ်းစိတ်ဆိုးနေရမယ့် အချိန်မျိုး မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကလော့ပ်နဲ့ အသင်းရဲ့ ပေါင်းစပ်မှုကနေ အရမ်းကောင်းမွန်တဲ့ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီညကတော့ အဲဗာတန်ရဲ့ညဖြစ်သလို ကံဆိုးမှုကိုလည်း လက်ခံရပါလိမ့်မယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။