မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးလေး ရက်မက်စ် ဟွိုင်လန်းက ဂါလာတာစာရေးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ယူနိုက်တက်အတွက် သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းက ရှုံးပွဲကြုံခဲ့လို့ အသင်းရလဒ်အပေါ် စိတ်ပျက်မိတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဒီနွေမှ အတ္တလန်တာကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းက လက်ရှိမှာ ယူနိုက်တက်အတွက် ဂိုးတွေ စတင် သွင်းယူလာနိုင်ပြီဖြစ်ပြီး ချန်ပီယံလိဂ်မှာဆိုရင်လည်း သူရဲ့သွင်းဂိုးက (၃)ဂိုးအထိတောင် ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

“ကျွန်တော် တစ်ချိန်တည်းမှာပဲ ပျော်ရွှင်မှုကိုရော စိတ်ညစ်မှုကိုပါ ခံစားလိုက်ရပါတယ်။ ကျွန်တော် ဂိုးတွေ သွင်းယူနိုင်ဖို့ထက် အသင်းက နိုင်ပွဲရယူဖို့ (၃)မှတ်အပြည့် ရယူဖို့က ပိုအရေးကြီးပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့အသင်းက လုံလောက်တဲ့ စွမ်းဆောင်မှုတွေ မပြသနိုင်သေးပါဘူး။”

“အခုက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ အချိန်အခါမျိုး ဖြစ်နေတယ် ဆိုပေမယ့်လေ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံးနဲ့ အတူရှိနေကြဖို့ လိုအပ်ပါတယ်။ ဒီလိုမှသာ ကျွန်တော်တို့တွေ ဒီလို ခက်ခဲတဲ့ အခြေအနေတစ်ခုကို ကျော်ဖြတ်သွားနိုင်မှာမို့ပါ။”

Photo Credit : Twitter

“ဂိုးတွေ သွင်းယူနိုင်ဖို့အတွက် ဆိုရင်လည်း right place right time ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က နေရာကောင်းမှာ အမြဲရှိနေအောင် ကြိုးစားပါတယ်။ ကျွန်တော့်ကိုလည်း ဂိုးတွေ သွင်းယူဖို့အတွက် ခေါ်ယူခဲ့တာ။ ဒီနေ့ အသင်းအတွက် (၂)ဂိုးတောင် သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။””

“ကျွန်တော်ရဲ့ ဒုတိယမြောက် သွင်းဂိုးကတော့ တကယ်ကို ပြီးပြည့်စုံတဲ့ သွင်းဂိုးပါ။ ဒီလို ဂိုးမျိုးက ကျွန်တော် သွင်းယူနေကြ ကျွန်တော်ရဲ့ အထိန်းအမှတ် သွင်းဂိုးမျိုးပါ။ ဒါကို ရက်မတ်စ်ဂိုးလို့လည်း ခေါ်ပါတယ်။” လို့ ဟွိုင်လန်းက ပြောဆိုခဲ့ပါတယ်။ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဟွိုင်လန်းက သူရဲ့ မွေးရပ်မြေက ကလပ်အသင်းဖြစ်တဲ့ ကိုပင်ဟေဂင်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ နိုင်ပွဲရအောင် စွမ်းဆောင်သွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။