မနေ့ညက မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့တဲ့ ဝါရင့်နည်းပြကြီး Big Sam ခေါ် ဆမ်အလာဒိုက်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ပရိသတ်တွေက Twitter X ပေါ်မှာ နောက်ပြောင်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

အသက် (၆၉)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဆမ်အလာဒိုက်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်သလို နယူးကာဆယ် ဝက်စ်ဟမ်း အဲဗာတန် ခရစ္စတယ်ပဲလေ့စ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နည်းပြကြီးလည်း ဖြစ်ပါတယ်။

Photo Credit : Sky Sports

အထူးသဖြင့်တော့ Big Sam ဟာ တန်းဆင်းအန္တရာယ် ကြုံတွေ့နေရတဲ့ အသင်းတွေ နည်းပြအပြောင်းအလဲ လုပ်ဆောင်တဲ့အခါမျိုးမှာ သူကိုင်တွယ်ရတဲ့ အသင်းတွေကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်သလို နောက်ပိုင်းမှာ အသင်းတွေရဲ့ ယာယီနည်းပြ သဘောမျိုးနဲ့လည်း ဆောင်ရွက်နေပါသေးတယ်။

ဒီလို ဆောင်ရွက်တက်တဲ့ ဆမ်အလာဒိုက်က ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ပွဲစဉ်ကို ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်နဲ့အတူ လာရောက် ကြည့်ရှုခဲ့ရာ ဒီမြင်ကွင်းကို မြင်တွေ့ခဲ့တဲ့ ယူနိုက်တက် ပရိသတ်တွေက သူတို့နည်းပြ တန်ဟက်ဂ်ကို စနောက်မှုတွေ ပြုလုပ်လာခဲ့ပါတော့တယ်။

Photo Credit : The Sun

“ဆမ်အလာဒိုက်က အိုးထရက်ဖို့ဒ်ကို ရောက်နေပြီဆိုတော့ အဲရစ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာက နေ့ရက်တွေကတော့ သိပ်ကျန်တော့မယ် မထင်ဘူး။” “ဆာဂျင်ရက်ကလစ်ဖ်က အိုးထရက်ဖို့ဒ်မှာ ဆမ်အလာဒိုက်နဲ့ စကားစမြည်တွေ ပြောဆိုနေတယ်။ ဒါက ဒီတိုင်း ပြောဆိုမှုဆိုတာတော့ သေချာပါတယ်။

ဒါပေမယ့် သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ပြောဆိုနေတာဆိုရင်တော့ ဂါရတ် ဆောက်ဂိတ်ကို နည်းပြခန့်ချင်တာထက်တောင် ပိုပြီး ရယ်စရာကောင်းနေဦးမယ်။” “ဆမ်အလာဒိုက်က ငါတို့အသင်းရဲ့ နည်းပြသစ်များ ဖြစ်လာတော့မလား?” “ဆာဂျင်ရက်ကလစ်ဖ်က ပထမပိုင်းအပြီးမှာပဲ Big Sam ကြီးနဲ့ ဆွေးနွေးနေပြီဆိုတော့ တန်ဟက်ဂ်ရဲ့နေရက်တွေ အဆုံးသတ်ပါပြီ” ဆိုပြီး နောက်ပြောင် ရေးသားခဲ့ကြပါတယ်။