ချယ်ဆီးအသင်းပရိသတ်တွေဟာ တနင်္ဂနွေနေ့က လန်ဒန်ဒါဘီပွဲမှာ မြို့ခံကလပ် အာဆင်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းနည်းပြဖြစ်သူ အန်ဇို မာရက်စကာရဲ့ မှတ်ချက်တွေအပေါ် ဒေါသတကြီးနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
ချယ်လ်ဆီးက ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိဘဲ ပထမပိုငး်မှာ ထောင့်ကန်ဘောကနေ ခွင့်ပြုလိုက်ရတဲ့ မီခယ်လ် မော်ရီနိုရဲ့ ခေါင်းတိုက်ဂိုးနဲ့သာ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ အာဆင်နယ်ကတော့ ဒီနိုင်ပွဲကြောင့် အဆင့်(၂)နေရာအတွက် ပိုမို ခိုင်မာစေခဲ့ရပေမယ့် ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က အနည်းငယ် ထိခိုက်စေခဲ့ရပါတယ်။
Photo Credit : The New York Times
ပွဲအပြီးမှာလည်း ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက သူ့အသင်းဟာ ပွဲကို ထိန်းချုပ်ခဲ့တယ်လို့ ထူးထူးဆန်းဆန်း ပြောဆိုခဲ့သလို သူတို့အနေနဲ့ အာတီတာရဲ့ အသင်းကိုလည်း အရမ်းကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ပါ အခိုင်အမာ ပြောခဲ့ပါတယ်။ ဒါကို ချယ်ဆီးပရိသတ်တွေက လက်မခံနိုင်ခဲ့ဘဲ မာရက်စကာက အသင်းရဲ့ စွမ်းဆောင်ရည်ကို မဟုတ်မမှန် အကဲဖြတ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ဝေဖန်ခဲ့ကြပါတယ်။
ပရိသတ်တစ်ယောက်က X မှာ အခုလို ရေးခဲ့ပါတယ်။ ” ‘ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ခဲ့တယ်’ ဟုတ်လား? တကယ်ပဲ သူ ဒီလောက် မဟုတ်မမှန် တွေးနေတာက စိုးရိမ်စရာပဲ။ ကွင်းထဲမှာ ဘေးဘက်ကို ဘောလုံးပေးပြီး ထိန်းထားတာက ပွဲကို ထိန်းချုပ်တာလို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ လုံးဝ အန္တရာယ်ရှိတဲ့ ပုံမပေါ်ခဲ့ဘူး။ အာဆင်နယ်က ကျွန်တော်တို့ကို ဘေးဘက်ကို တွန်းပို့ပြီး အလယ်နေရာတွေကို အလွယ်တကူ ပိတ်ထားခဲ့တယ်။”
Photo Credit : The New York Times
နောက်ထပ် ပရိသတ်တစ်ယောက်ကလည်း “ဒီလူက မဟုတ်မမှန် တွေးနေတာပဲ။ ကွာခြားချက်က အာဆင်နယ်က ပွဲကို အနိုင်ရဖို့ ကြိုးစားခဲ့တာ။ ကျွန်တော်တို့ကတော့ အဲဒီလို ရည်ရွယ်ချက် မရှိခဲ့ဘူး” လို့ ထပ်ပြောခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း “သူက တခြားပွဲကို ကြည့်နေတာ မဟုတ်ဘူး၊ ကျွန်တော်တို့အားလုံးကို လူမိုက်တွေလို့ ထင်နေတာပဲ။ ကျွန်တော်တို့ ဘယ်လောက် ဆိုးဆိုးရွားရွား ဖြစ်နေလဲ မမြင်နိုင်ဘူးလို့ ထင်နေတာ။ စော်ကားတာပဲ။” လို့ ရေးခဲ့ပါတယ်။
ဒါ့အပြင် “ကြောက်စရာကောင်းတဲ့ ဘောလုံးကို ကစားနေတယ်။ ကျွန်တော်တို့ ပွဲကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ဘူး။ သူတို့ရဲ့ ဂိုးသမားက တစ်ကြိမ်ပဲ ကာကွယ်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်တဲ့ ပေးပို့မှု ၅၀၈ ကြိမ်မှာ၊ ၃၁၃ ကြိမ်က နောက်တန်း ၄ ယောက် ဒါမှမဟုတ် ဂိုးသမားဆီက လာတာပဲ။ ဒါက ကြောက်စရာကောင်းတဲ့ ဘောလုံးပါ။” လို့ X မှာ ရေးသားခဲ့သလို ပရိသတ်တစ်ဦးဆိုရင်လည်း “မာရက်စကာက ကျွန်တော်တို့ ကြည့်နေတဲ့ ပွဲနဲ့ မတူတဲ့ ပွဲကို ကြည့်နေတာလား?” လို့ပါ မေးခွန်းထုတ်လိုက်ပါသေးတယ်။