ကဲ ယနေ့မနက် အစောပိုင်းမှာတော့ ဥရောပ ဘောလုံးလောကရဲ့ ဆောင်းဈေးကွက် တဖြစ်လဲ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ကတော့ ပိတ်သိမ်းသွားခဲ့ပါပြီ။ အပြောင်းအရွှေ့ဈေးကွက် ပိတ်သွားပေမယ့် ကစားသမား လိုအပ်ချက် များနေတဲ့ အသင်းတွေ ခေါ်ယူလို့ ရတဲ့ အသင်းလက်မဲ့ ကစားသမားတွေ အများကြီး ရှိနေပါသေးတယ်။ အသင်းလက်မဲ့ ကစားသမားတွေထဲကမှ ကျွန်တော်က လူသိများသလို အရည်အသွေးလည်း မြင့်တဲ့ အသင်းလက်မဲ့ ကစားသမားတွေကို စုစည်း ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Standard

၄။ မန်ဂါလာ (အသက် ၃၁နှစ်)

မန်ချက်စတာ စီးတီးရဲ့ ခံစစ်မှူးဟောင်း မန်ဂါလာဟာ တချိန်တုန်းက အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ဗဟိုခံစစ်မှူး တဦး ဖြစ်ခဲ့သူပါ။ မန်ဂါလာက ခန္ဓာကိုယ် ကြီးမားသလို ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေက သူ့ရဲ့ ကစားသမား ဘဝကို နိမ့်ကျစေခဲ့တာပါ။ ဒါပေမယ့် အရန် ဗဟိုခံစစ်မှူး တဦး လိုအပ်နေတဲ့ အသင်းမျိုး အတွက် မန်ဂါလာက ခပ်မြန်မြန် ခေါ်ယူသင့်တဲ့ ကစားသမားမျိုးပဲ ဖြစ်ပါတယ်။

Photo Credit: Standard

၃။ မက်စ် ခရူစ် (အသက် ၃၄နှစ်)

ဂျာမဏီလက်ရွေးစင် တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး မက်စ် ခရူစ်ကလည်း လက်ရှိမှာ အသင်းလက်မဲ့ ကစားသမား ဖြစ်နေပါတယ်။ နောက်ချန်တိုက်စစ်နဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ခရူစ်က သူ့ရဲ့ ကစားသမား ဘဝမှာ စုစုပေါင်း သွင်းဂိုး ၁၆၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၃၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ အသင်းမျိုး အတွက် ခရူစ်လို ဝါရင့် တိုက်စစ်မှူးမျိုးဟာ မျက်စိမှိတ်ပြီး ခေါ်ယူသင့်တဲ့ ကစားသမားမျိုးပါ။

Photo Credit: Standard

၂။ ဗာဆယ်ဂျီကို (အသက် ၃၁နှစ်)

၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားနဲ့အတူ တောက်ပခဲ့တဲ့ ညာနောက်ခံလူ ဗာဆယ်ဂျီကိုက ဂရိထိပ်သီးကလပ် အိုလံပီယာကို့စ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေသူပါ။ ဗာဆယ်ဂျီကိုက အက်သလက်တီကို မက်ဒရစ် ၊ အင်တာမီလန် စတဲ့ ဥရောပ အသင်းကြီးတွေမှာ ကစားခဲ့သလို သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကလည်း အကောင်းဆုံး မဟုတ်ရင်တောင် အလယ်အလတ် အဆင့်မှာ ရှိနေသေးတာကြောင့် ဗာဆယ်ဂျီကိုဟာ ဥရောပ နာမည်ကြီးအသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကို ရထားပါတယ်။

Photo Credit: Standard

၁။ အစ္စကို (အသက် ၃၀)

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့တဲ့ အစ္စကိုက ဆီဗီးလားဆီ ပြောင်းခဲ့ပေမယ့် တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ဆီဗီးလားနဲ့ လမ်းခွဲထားတာ မကြာသေးပါဘူး။ အစ္စကိုက အသက်အရွယ် အရ ဘောလုံးသမား တဦး အတွက် အကောင်းဆုံး အချိန်ကို ရောက်နေသလို သူ့ရဲ့ ခြေစွမ်းကလည်း မကျဆင်းသေးပါဘူး။ ဒါကြောင့်ပဲ ဂျာမန်ကလပ်တွေ ဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ ယူနီယံ ဘာလင်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပြီး အစ္စကိုကလည်း ယူနီယံ ဘာလင်ဆီ ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် ဆေးစစ်မှု အဆင်မပြေခဲ့တာကြောင့် အစ္စကိုနဲ့ ယူနီယံ ဘာလင်ရဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေဟာ ပျက်ပြယ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အစ္စကိုက သူ့အတွက် ကမ်းလှမ်းမှု အသစ်တွေကို ဆက်လက် စောင့်မျှော်နေပြီး ကွင်းလယ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးတို့လို နာမည်ကြီးအသင်းတွေ အတွက် အစ္စကိုဟာ ကာလတိုစာချုပ်နဲ့ ခေါ်ယူသင့်တဲ့ အရည်အသွေးမြင့် ကွင်းလယ်လူ တဦးပါ။