မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့် ကစားသမားလေး ဖာကန်ဒိုပယ်လစ်စထရီဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အတွင်း ယူနိုက်တက်အတွက် (၁၀)မိနစ်ခန့် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး မားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတစ်ဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၁)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် တောင်ပံကစားသမားလေး ပယ်လစ်စထရီဟာ ယူနိုက်တက်အသင်းဆီကို ၂၀၂၀ခုနှစ် နွေရာသီကမှ ဥရုဂွေးကလပ် ပင်နဲရိုးလ်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် လူငယ်ကစားသမားလေး ပယ်လစ်စထရီဟာ ယူန်ိုက်တက် အသင်းကြီးမှာ ပါဝင်ရဖို့ ရုန်းကန်ခဲ့ရပြီး လာလီဂါကလပ် အလာဗက်စ်အသင်းမှာ နှစ်ကြိမ်တိုင်တိုင် အငှားနဲ့ သွားကစားခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး အသင်းအတွက် တရားဝင်ပွဲစဉ် တစ်ပွဲမှ ပါဝင်ခွင့် မရရှိသေးထားတဲ့ ပယ်လစ်စထရီဟာ အခုတော့ လိဂ်ဖလားပွဲမှာပဲ ယူနိုက်တက်အတွက် ပထမဆုံး competitive debut ကို စတင်ခွင့်ရခဲ့သလို ရပ်ရှ်ဖို့ဒ်သွင်းဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : The Athletic

ဥရုဂွေးအသင်းရဲ့ သက်တမ်းလိုက်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရသူ ပယ်လစ်စထရီဟာ ယူနိုက်တက်မှာသာ ပွဲကစားခွင့်တွေ မရရှိသေးပေမယ့် ဥရုဂွေးလက်ရွေးစင်အသင်းကတော့ သူ့ကို ၂၀၂၀ခုနှစ် နှစ်အစပိုင်းကတည်းက အသင်းမှာ ရွေးချယ်ခဲ့သလို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဥရုဂွေးအသင်းရဲ့ world cup squad ထဲ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက် အခုမှသာ ပွဲထွက်ကစားရသေးတဲ့ ပယ်လစ်စထရီဟာ ဥရုဂွေးအသင်းအတွက်တော့ (၁၀)ပွဲအထိပါ ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ ယူနိုက်တက်မှာကလည်း တိုက်စစ်ပိုင်းအတွက် ကစားသမား လိုအပ်နေချိန်လ အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်သလို ပယ်လစ်စထရီကိုလည်း လူငယ် ကစားသမားလေး ဂနာချိုလို အသင်းမှာ ပွဲထွက်ခွင့်တွေ ပိုမို ခွင့်ပြုပေးသင့်ပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ပယ်လစ်စထရီရဲ့ ခြေစွမ်းတွေကို ချီးကျူးသွားခဲ့ပြီး အနာဂတ်မှာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမယ်ဆိုတာကို မြင်နေရတယ်လို့ မှတ်ချက်ပြုသွားခဲ့သလို ဆက်ပြီး ကြိုးစားနေဖို့လည်း လိုအပ်တယ်လို့ပါ သတိပေး ပြောဆိုလိုက်ပါတယ်။