မကြာသေးမီကမှ ဘောလုံးကစားသမားဘဝ ကနေ အနားယူသွားတဲ့ ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖာဘရီဂတ်စ်က သူ့ရဲ့ ကစားသမား ဘဝကို အဆုံးသတ်ခဲ့တဲ့ အီတလီကလပ် ကိုမိုရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က ကစားသမား ဘဝမှာ ပြိုင်ပွဲစုံ ၇၃၉ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၁၂၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား အပါအဝင် ဆုဖလားပေါင်း ၁၇လုံး အထိ ရယူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဖာဘရီဂတ်စ်က နာမည်ကျော် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့် မရခဲ့ပေမယ့် ကမ္ဘာ့ဖလား ၁ကြိမ် ၊ ယူရိုဖလား ၂ကြိမ် အထိ ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပြီး ဖာဘရီဂတ်စ်ဟာ သူ့ရဲ့ ကြီးကျယ် ခမ်းနားတဲ့ ကစားသမားဘဝကိုတော့ ယခုနှစ် ဘောလုံးရာသီ အစမှာပဲ အီတလီ စီးရီးဘီကလပ် ကိုမိုမှာ အဆုံးသတ်ခဲ့ပါတယ်။

ဖာဘရီဂတ်စ်က ကစားသမားဘဝ ကနေ အနားယူပြီးနောက် ကိုမိုရဲ့ ယူ-၁၉ အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့ အရည်အချင်းနဲ့ လူငယ်တွေကို နေရာပေးမှုတို့ကြောင့် ကိုမိုရဲ့ ဘုတ်အဖွဲ့က ဖာဘရီဂတ်စ်ကို အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူခိုင်းဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ကိုမိုအသင်းရဲ့ ဘုတ်အဖွဲ့က ဖာဘရီဂတ်စ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ကိုမိုအသင်းဟာ မကြာခင်မှာပဲ ဖာဘရီဂတ်စ်ကို နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်းကို တရားဝင် ထုတ်ပြန် ကြေညာမယ်လို့ သိရပါတယ်။

ဖာဘရီဂတ်စ် တယောက် တာဝန်ယူ ကိုင်တွယ်ရမယ့် ကိုမိုက လက်ရှိမှာ စီးရီးဘီ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေပြီး တန်းတက်ခွင့် ရဖို့ မျှော်လင့်ချက် ရှိနေတာကြောင့် ဖာဘရီဂတ်စ်ဟာ ကိုမိုကို စီးရီးအေဆီ ခေါ်ဆောင်ပေးသွားနိုင်မလား ဆိုတာကို စောင့်ကြည့်သွားရပါမယ်။