စီးရီးအေကလပ် ကိုမိုအသင်းရဲ့ နည်းပြ စက်ဖ် ဖာဘရီဂတ်စ်က သူ့ရဲ့အသင်းကို အတွေ့အကြုံ ရင့်ကျက်မှုတွေ ဖြည့်တင်းဖို့အတွက် လက်ရှိ အေစီမီလန်တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပစ်မှတ်ထားနေပါတယ်။
နည်းပြဖာဘရီဂတ်စ်ဟာ မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် Stadio Giuseppe Sinigaglia ကွင်းဆီကို ခေါ်ဆောင်ချင်နေပါတယ်။ အီတလီအခြေစိုက် Sky Sport ရဲ့ ဖော်ပြချက်အရ မိုရာတာဟာ ကိုမိုအသင်းရဲ့ ကမ်းလှမ်းမှုကို အကြိုသဘောတူညီမှု ပေးထားပြီးဖြစ် ပေမယ့် စပိန်လက်ရွေးစင် တိုက်စစ်မှူး ကိုမိုအသင်းဆီ ရောက်ရှိလာဖို့အတွက် အီတလီကလပ်ဟာ အေစီမီလန် ဂါလာတာစာရေးတို့နဲ့ ကြားမှာရှိနေတဲ့ ကိစ္စရပ်အချို့ကို အရင်ဆုံး ဖြေရှင်းရမှာ ဖြစ်ပါတယ်။
Photo Credit : Goal
မိုရာတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မီလန်ကနေ တူရကီကလပ် ဂါလာတာစာရေးဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လာမယ့် ဆောင်းရာသီအထိ တူရကီမှာ ရှိနေမှာပါ။ မိုရာတာအနေနဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းဆီ ပြောင်းရွှေ့ဖို့ဆိုရင် ကိုမိုအသင်းဟာ သူ့ရဲ့အငှားစာချုပ်ကို အရင်ဆုံး အဆုံးသတ်ပြီး မီလန်အသင်းနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်နဲ့ မိုရာတာတို့ဟာ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းကလည်း စိတ်ဝင်စားမှု ပြသခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ကိုမိုအသင်းရဲ့ တိုက်စစ်ပိုင်းကို ပက်ထရစ် ကူထရိုနီနဲ့ အက်ဆေးန် ဒီယိုတို့က ဦးဆောင်ခဲ့ကြပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့မှာမှ ရောက်ရှိလာတဲ့ ဒီယိုဟာ အလားအလာကောင်းတဲ့ ကစားသမားတစ်ဦးအဖြစ် အသင်းနဲ့ အထိုင်ကျပြီး ၁၅ ပွဲမှာ ၈ ဂိုးသွင်း ၁ ဂိုး ဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖာဘရီဂတ်စ်က အတွေ့အကြုံနဲ့ ရင့်ကျက်မှုရှိတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူလိုနေပြီး မိုရာတာရဲ့ အရည်အချင်းတွေက လိုအပ်ချက်အားလုံးနဲ့ ကိုက်ညီနေပါတယ်။ စပိန်လူမျိုးနည်းပြဟာ ချယ်လ်ဆီးအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ မိုရာတာအပေါ် ယုံကြည်မှုအပြည့် ရှိနေပါတယ်။
Photo Credit : Goal
ကိုမိုအသင်းဟာ ဘာစီလိုနာအသင်းရဲ့ အဲလက်စ် ဗယ်လီကို ယူရို ၆ သန်းတန် အပြီးသတ်ခေါ်ယူခွင့် စာချုပ်ကို အသက်သွင်းပြီး အငှားစာချုပ်ကို အပြီးသတ်ခေါ်ယူခဲ့ကာ ၂၀၂၉ ခုနှစ်အထိသက်တမ်းရှိတဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဗယ်လီကို ခေါ်ယူပြီးနောက်မှာတော့ ကိုမိုအသင်းဟာ ရီးယဲလ်မက်ဒရစ်နဲ့ ဥရောပထိပ်တန်းကလပ်တွေရဲ့ အဆက်မပြတ် စောင့်ကြည့်ခြင်းခံနေရတဲ့ နီကို ပက်ဇ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုမိုအသင်းဟာ သူတို့ရဲ့ ရာသီကြိုခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Como Cup ဖိတ်ခေါ်ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တွေကိုလည်း ကြေညာခဲ့ပြီး ရာသီကြိုပွဲစဉ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဆော်ဒီကလပ် အယ်လ်အာလီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။