ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို ရံဖန်ရံခါမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်လေ့ ရှိတဲ့ ဖာဘရီဂတ်စ်က လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်ဟာ ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားထက်တောင် ပိုညံ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က မကြာသေးမီကမှ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝ ကနေ အနားယူကာ စီးရီးဘီကလပ် ကိုမိုရဲ့ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါတယ်။

Photo Credit: Goal

တဖက်မှာတော့ နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး တန်ဟက်ဂ်က သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ ယူနိုက်တက်က ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်း ပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၆)နေရာ အထိ ရောက်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

Photo Credit: Standard

ဒါ့အပြင် ယူနိုက်တက်ရဲ့ ဒီရာသီ တိုက်စစ် ၊ ခံစစ် စွမ်းဆောင်ရည်ဟာ အတော်လေးကို ကျဆင်းနေပြီး ဖာဘရီဂတ်စ်ကတော့ တန်ဟက်ဂ်မှာ ကိုယ်ပိုင် ကစားကွက် မရှိကြောင်းနဲ့ ယူနိုက်တက်က နည်းပြဟောင်း ဆိုးလ်ရှားရဲ့ လက်ထက်မှာ လက်ရှိထက် ပိုကောင်းတဲ့ ကစားဟန်ကို ပိုင်ဆိုင်ခဲ့ကြောင်း ပြောကာ တန်ဟက်ဂ်ကို ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။

ဖာဘရီဂတ်စ်က – “ကျွန်တော်က တန်ဟက်ဂ်ရဲ့ ကိုယ်ပိုင် ကစားကွက်ကို မသိပါဘူး။ သူ့မှာ ကိုယ်ပိုင် အခင်းအကျင်းနဲ့ ညွှန်ကြားမှုတွေ ရှိတယ်လို့လည်း မထင်ပါဘူး။ ဆိုးလ်ရှားကတောင် ကိုယ်ပိုင် ကစားကွက် ရှိပါသေးတယ်။ ဆိုးလ်ရှားရဲ့ လက်ထက်မှာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက အတော်လေးကို ကောင်းခဲ့သလို အသင်းကလည်း ခံစစ်ကို အထိုင်ချပြီး သေချာ ကစားတတ်ခဲ့ပါတယ်” လို့ ပြောကြားကာ တန်ဟက်ဂ်ကို ဝေဖန်သွားခဲ့တာပါ။