အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က လာမယ့် ရက်ပိုင်းမှာ ကစားသွားရတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ကိုတော့ အင်္ဂလန်နည်းပြရာထူးကနေ ထွက်ခွာသွားတာမျိုး မဖြစ်စေချင်ပဲ နည်းပြအဖြစ်နဲ့သာ ဆက်ရှိချင်နေတယ်လို့ Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ လက်ရှိမှာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒါဟာ နည်းပြ ဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်အနေနဲ့ ယူရိုပြိုင်ပွဲ (၂)ခုဆက်တိုက်အထိ ဗိုလ်လုပွဲတွေကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Reuters

အင်္ဂလန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်းမှာ ချန်ပီယံ ခြေစွမ်းမျိုး မပြသထားနိုင်သေးပေမယ့်လည်း ကံတရားရဲ့ ဖေးမမှုအပြင် ပွဲရလဒ်ကို အလှည့်အပြောင်း လုပ်ပစ်နိုင်တဲ့ ကစားသမားတွေ ပါဝင်နေတာကြောင့် ယူရိုပြိုင်ပွဲ ဖိုင်နယ်အဆင့်ဆီကို (၂)ကြိမ်ဆက်တိုက်တောင် တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန် နည်းပြဖြစ်သူ ဆောက်ဂိတ်ကတော့ အခု ယူရို-၂၀၂၄ ပြိုင်ပွဲကြီး ပြီးဆုံးတာနဲ့ အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ပြီး တကယ်လို့ ယူရိုအပြီးမှာ မနုတ်ထွက်ခဲ့ရင်တောင် ဒီနှစ် ဒီဇင်ဘာလမှပဲ ဆောက်ဂိတ်က အင်္ဂလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Reddit

ယူရိုပြိုင်ပွဲကြီး မတိုင်ခင်မှာတုန်းကတော့ ဆောက်ဂိတ်က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ်ဆိုပြီး ရေပန်းစားခဲ့ပေမယ့်လည်း လက်ရှိမှာ ယူနိုက်တက်ကလည်း အဲရစ် တန်ဟက်ဂ်ကိုသာ စာချုပ်သစ် ချုပ်ဆိုလိုက်တာမို့ ဆောက်ဂိတ်အနေနဲ့ သူ့အနာဂတ်အတွက် စဉ်းစားစရာ ဖြစ်လာခဲ့ရပါတယ်။

ဒီလို အခြေအနေကြောင့်လည်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဘက်က ဒီယူရိုပြိုင်ပွဲ အပြီးမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဟန်ပြင်နေတဲ့ ဆောက်ဂိတ်ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပြီး ဆောက်ဂိတ်ဘက်ကလည်း အင်္ဂလန်ကိုသာ ဆက်လက် ကိုင်တွယ်သွားဖို့ အခြေအနေ ပိုများလို့နေရပါတယ်။