အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ FAက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲအပြီးမှာ အဆိုပါပွဲကို တာဝန်ယူခဲ့တဲ့ ဒိုင်အဖွဲ့အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အာဆင်နယ်နည်းပြချုပ် အာတီတာနဲ့ အာတီတာရဲ့ စကားတွေကို ထောက်ခံကြောင်း စာထုတ်ပြန်ခဲ့တဲ့ အာဆင်နယ်အသင်းတို့ကို အပြစ်ပေး အရေးယူဖို့ စတင် လှုပ်ရှားနေကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာ အိမ်ရှင် နယူးကာဆယ်က တောင်ပံကစားသမား ဂေါ်ဒွန်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့ပြီး ဂေါ်ဒွန်ရဲ့ သွင်းဂိုးဟာ အငြင်းပွားစရာ သွင်းဂိုးမျိုး ဖြစ်နေတာကြောင့် အခုချိန်အထိ အဆိုပါဂိုးအတွက် ငြင်းခုန်မှုတွေ မပြီးဆုံးသေးပါဘူး။

Photo Credit: Standard

ဂေါ်ဒွန်ရဲ့ သွင်းဂိုးမှာ အငြင်းပွားစရာ အခြေအနေ ၃ခု အထိ ရှိခဲ့ပြီး ပထမတခုက နယူးကာဆယ် ကွင်းလယ်လူ ဝီးလော့ခ် တယောက် ဘောလုံးကို ပြန်လည် ဆယ်ယူချိန်မှာ ဘောလုံးဟာ ဂိုးစည်းကို ကျော်လွန်ခြင်း ရှိ ၊ မရှိ ၊ ဒုတိယ တခုက ဂေါ်ဒွန်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ နယူးကာဆယ် ကွင်းလယ်လူ ဂျိုအယ်လင်တန်ဟာ ခေါင်းခုန်တိုက်ချိန်မှာ အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ်အပေါ် ပြစ်ဒဏ်ကျူးလွန်ခြင်း ရှိ ၊ မရှိနဲ့ နောက်ဆုံးတခုကတော့ ဂျိုအယ်လင်တန် တယောက် ဂေါ်ဒွန်ဆီ ခေါင်းတိုက်ပေးပို့ချိန်မှာ ဂေါ်ဒွန်ဟာ လူကျွံခြင်း ရှိ ၊ မရှိ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် အပ်ဝဲလ်နဲ့ VARအဖွဲ့က အငြင်းပွားဖွယ်ရာ ဖြစ်ရပ် ၃ခုစလုံးကို သေချာ အချိန်ပေး စစ်ဆေးပြီးနောက်မှာ နယူးကာဆယ်ရဲ့ သွင်းဂိုးကို တရားဝင်သွင်းဂိုး အဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာနဲ့ အာဆင်နယ် အသင်းသားတွေကတော့ ဒိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ကြပါဘူး။

ဒါကြောင့်လည်း ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်နည်းပြ အာတီတာက အခုလို အငြင်းပွားစရာ ဆုံးဖြတ်ချက်မျိုး ချမှတ်တတ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေရတာ ရှက်လာပြီလို့ ထုတ်ပြောခဲ့သလို အာဆင်နယ်ကလည်း အာတီတာကို ထောက်ခံကြောင်းနဲ့ ဒိုင်အဖွဲ့ချုပ်ဟာ သူတို့အသင်းကို ပြန်တောင်းပန်ဖို့ လိုအပ်ကြောင်း တရားဝင် စာထုတ်ပြန်ခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ် ဖြစ်တဲ့ PGMOLက အာတီတာရဲ့ ပြောဆိုမှုနဲ့ အာဆင်နယ်ရဲ့ စာထုတ်ပြန်မှုတို့ကို မကျေမနပ် ဖြစ်နေသလို ဒိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယုံကြည်နေတာကြောင့် အာတီတာနဲ့ အာဆင်နယ်တို့ကို ပြန်တောင်းပန်ဖို့ အစီအစဉ် မရှိပဲ ဒိုင်အဖွဲ့ချုပ်နဲ့ အာဆင်နယ်တို့ ကြားထဲမှာ ဆက်ဆံရေး ဆိုးရွားနေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goalကလည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FAက ဒိုင်အဖွဲ့နဲ့ PGMOLကို စွပ်စွဲပြောဆိုခဲ့မှုတွေ အတွက် အာတီတာနဲ့ အာဆင်နယ်တို့ကို အရေးယူဖို့ စတင် ပြင်ဆင်နေပြီး FAက အာတီတာကို ပွဲပယ်ပြစ်ဒဏ် (သို့) ငွေဒဏ် (သို့) သတိပေးမှု စတဲ့ ဒဏ် ၃မျိုးထဲက ၁မျိုးကို ပေးဖွယ် ရှိသလို အာဆင်နယ်ကိုလည်း နောက်နောင် အခုလိုမျိုး ဒိုင်အဖွဲ့ချုပ်ကို ထိခိုက်စေမယ့် စာမျိုး မထုတ်ပြန်ဖို့ သတိပေးစာ ပေးဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။