အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားပြီး မန်ချက်စတာ အခြေစိုက် မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ်အသင်းမှာ ပါဝင် ကစားပေးခဲ့ဖူးတဲ့ ကင်းဘရိုင်ယန်ဟာ အသက် (၂၇)နှစ်ပြည့် မွေးနေ့မှာပဲ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ တရားဝင် အနားယူလိုက်ပါတယ်။
ဗဟိုခံစစ် နေရာ နဲ့ box-to-box ကွင်းလယ်နေရာတွေမှာ ကစားတတ်သူ ဘရိုင်ယန်ဟာ မန်စီးတီး အကယ်ဒမီမှာ ဘောလုံးပညာသင်တွေ သင်ယူပြီး စီးတီး လူငယ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Goal
ဒါပေမယ့် ဘရိုင်ယန်က မန်စီးတီး စီနီယာအသင်းအတွက် ကစားခွင့် မရခဲ့ပဲ အင်္ဂလန် အသင်းငယ်လေးတွေမှာသာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရပါတယ်။ ဘရိုင်ယန်ရဲ့ စီနီယာ ကစားသမားဘဝကို ဘူရီအသင်းမှာ စတင်ခဲ့ပြီး စုစုပေါင်း (၁၃)ပွဲ ပါဝင်ကစားခဲ့ပါတယ်။
ဘူရီ အိုးလ်ဟမ်းတို့မှာ အငှားနဲ့ သွားရောက်ကစားပြီးနောက် ရှက်ဖီးယူနိုက်တက်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ဘရိုင်ယန်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးထဲ ကစားခွင့် ရရှိခဲ့ပြီး သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကိုတော့ မန်ယူနိုက်တက်ဘက်ကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit : The Athletic
ဒါပေမယ့် ရှက်ဖီးမှာ အဲ့ဒီ တစ်ရာသီသာ ဖြတ်သန်းခဲ့ရပြီး ဝက်စ်ဘရွန်းအသင်းဆီ ရောင်းချခံလိုက်ရတဲ့ ဘရိုင်ယန်ဟာ ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဝက်စ်ဘရွန်းအတွက် (၃)ပွဲလေးသာ ကစားခဲ့ရကာ တစ်ရာသီလုံး အနားယူခဲ့ရပါတယ်။
ဘရိုင်ယန်ရဲ့ ဒူးဒဏ်ရာက ထင်ထားတာထက် ပိုဆိုးရွှားနေလို့ ဝက်စ်ဘရွန်းကပါ သူ့ကို စာချုပ်ဖျက်သိမ်းခဲ့သလို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများရဲ့ အကြံပေးချက်တွေကြောင့် ဘရိုင်ယန်က သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုပါ အဆုံးသတ်ဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။