မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ကလပ်အသင်းအနေနဲ့ နည်းပြရူဘင် အမိုရင်ကို အချိန်ပိုပေးပြီး စိတ်ရှည်သည်းခံဖို့ တိုက်တွန်းလိုက်ပါတယ်။ နည်းပြတွေကို အဆက်မပြတ် ပြောင်းလဲနေခြင်းက ကလပ်အသင်းရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြင်သစ် နောက်ခံလူဟောင်းက ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ရာသီသစ်အဖွင့်ပွဲစဉ်မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ၂၀၂၅-၂၆ ရာသီမှာ အသင်းဟောင်းက ပြန်လည် bang ဖြစ်လာပြီး လူတိုင်းကို အံ့အားသင့်စေလိမ့်မယ်လို့လည်း အီဗရာက ထောက်ခံပြောကြားခဲ့ပါတယ်။

၂၀၂၄-၂၅ ရာသီက ယူနိုက်တက်အတွက် အိပ်မက်ဆိုးလို ရာသီတစ်ရာသီဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၁၅)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါရလဒ်ဆိုးတွေကြောင့် နည်းပြ အမိုရင်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းကို အားဖြည့်တင်းဖို့အတွက် ငွေသုံးကြမ်းခဲ့ပါတယ်။

Photo Credit : Goal

ပေါ်တူဂီနည်းပြဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိကထား အားဖြည့်ခဲ့ပြီး ဝုဗ်အသင်းက မားသီးယပ်စ် ကွန်ညာ၊ ဘရန့်ဖို့ဒ်အသင်းက ဘရိုင်ယန် အမ်ဘူမိုတို့ကို ခေါ်ယူခဲ့သလို လိုက်ပ်ဇစ်အသင်းရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုကိုလည်း တန်ဖိုးကြီးပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ပက်ထရစ် ဒေါ်ဂူကို ခေါ်ယူခဲ့ပေမယ့် ဒီနွေရာသီဟာ အမိုရင်အတွက် အသင်းကို စိတ်ကြိုက်ပြန်လည်တည်ဆောက်ခွင့်ရတဲ့ ပထမဆုံး အပြောင်းအရွှေ့ကာလတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ကြယ်ပွင့်ဟောင်း အီဗရာက အမိုရင်ကို သူ့ရဲ့ကစားကွက်နဲ့ နည်းစနစ်တွေ အသင်းမှာ အထိုင်ကျအောင် အချိန်ပေးသင့်တယ်လို့ ဆိုခဲ့တာပါ။

Photo Credit : United in Focus

Stake.com နဲ့ အင်တာဗျူးမှာ အီဗရာက “ယူနိုက်တက်နဲ့ပတ်သက်ရင် ဘယ်တော့မှ ကြိုတင်ခန့်မှန်းလို့မရဘူး။ တစ်ရက်မှာ သူတို့က သင့်ကို အိပ်မက်တွေမက်ခိုင်းပြီး နောက်တစ်ရက်မှာ သင့်နှလုံးသားကို ခွဲကြေစေတယ်။ ဒါပေမဲ့ အရင်ကလို တိုက်ပွဲဝင်စိတ်ဓာတ် ကစားသမားတွေက အသင်းတံဆိပ်အတွက် အသက်ပေးကစားတဲ့ စိတ်ဓာတ်မျိုး ပြန်ရလာရင် သူတို့က လူတွေကို အံ့အားသင့်စေနိုင်ပါတယ်။ အဓိကက ခြေစွမ်းတည်ငြိမ်မှုပဲ၊။ ဆိုရှယ်မီဒီယာပေါ်မှာ ဟန်ပြကစားနေတာမျိုး မဟုတ်ဘူး။”

“ဘောလုံးလောကဆိုတာ တောနက်ကြီးတစ်ခုလိုပဲ။ ရလဒ်တွေမကောင်းရင် နည်းပြက အမြဲတမ်း ပထမဆုံး ထွက်သွားရတယ်။ ဒါပေမဲ့ စဉ်းစားကြည့်လေ။ စားဖိုမှူးကိုပဲ ခဏခဏ ပြောင်းနေမယ်ဆိုရင် ဟင်းကောင်းတစ်ခွက် ဘယ်တော့မှ အရသာရှိလာမှာ မဟုတ်ဘူး။ သူ့ကို အချိန်ပေးပါ။ ဒါပေမဲ့ ယူနိုက်တက်မှာတော့ အချိန်ဆိုတာ အရမ်းတန်ဖိုးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ သရဲနီတွေအနေနဲ့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲကနေ ပြန်လည်ရုန်းထနိုင်ဖို့နဲ့ ရာသီသစ်ရဲ့ ပထမဆုံးနိုင်ပွဲကို မှတ်ပုံတင်နိုင်ဖို့အတွက် လာမယ့် ဩဂုတ်လ (၂၄)ရက်နေ့မှာ ဖူလ်ဟမ်အသင်းကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။