ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပက်ထရစ် အီဗရာက အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်အား အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်က ၂၀၂၀ခုနှစ်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အင်္ဂလန်မြေဆီ စတင် ရောက်ရှိချိန် ကနေ အခုချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသထားနိုင်သေးပါဘူး။

Photo Credit: Goal

ဗန်ဒီဘိခ်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘောလုံးဦးနှောက် ကောင်းသလို နည်းစနစ်ပိုင်း ကျေညက်တဲ့ ကစားသမားမျိုး ဖြစ်ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု အားနည်းချက်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အံဝင်အောင် ကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း ဗန်ဒီဘိခ်က မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၅၃မိနစ်သာ ကစားခွင့် ရထားပြီး သူဟာ ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ တော်မီနေး ၊ ဖရက်ဒ်တို့ရဲ့နောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆဌမ ဦးစားပေး ကွင်းလယ်လူ အဖြစ်သာ ရှိနေခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အီဗရာက ဗန်ဒီဘိခ်လို အရည်အသွေး ရှိတဲ့ ကွင်းလယ်လူ တဦးဟာ နေရာရဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာပြီး သူနဲ့ ကိုက်ညီတဲ့ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့တာပါ။

အီဗရာက – “ကျွန်တော်တို့အသင်းက ဗန်ဒီဘိခ်ကို ဝယ်ခဲ့တဲ့ အချိန်မှာပဲ ကျွန်တော်က ဘာကြောင့် ကွင်းလယ်လူ တဦး မလိုသေးတဲ့ အချိန်မှာ ကွင်းလယ်လူ ထပ်ဝယ်တာလဲလို့ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ဟာ ခံစစ်မှူး တဦး လိုနေခဲ့တာပါ။ ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့ကို မေးခွန်းထုတ်ခဲ့တာကြောင့်ပဲ လူတိုင်းက ကျွန်တော်ဟာ ဗန်ဒီဘိခ်ကို အသားလွတ် မုန်းနေတယ်လို့ ပြောကြပါတယ်။ ကျွန်တော်နဲ့ ဗန်ဒီဘိခ်ရဲ့ ကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်က ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ပွဲအပြီးမှာ သူ့ရဲ့ မိသားစုနဲ့တောင် တွေ့ခဲ့ပါသေးတယ်။ ကျွန်တော်က ဗန်ဒီဘိခ်ကို ချစ်ပါတယ်ဗျာ။ သူ ယူနိုက်တက်ဆီ စရောက်တုန်းက လူတွေဟာ သူ့ကို ပေါ့ဘာနဲ့ နှိုင်းယှဉ်ခဲ့တာကို မှတ်မိပါသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော်က ပရီးမီးယားလိဂ်ဆီ အခုမှ ရောက်လာတဲ့ ကောင်လေးကို အချိန်ပေးဖို့ ပြောဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်က သူ့ကို အကြံတခု ပေးရရင် သူက ယူနိုက်တက်ကနေ ထွက်ခွာပြီး သူ့ကို တန်ဖိုးထားမယ့် ၊ ချစ်မယ့် နေရာတခုဆီ ပြောင်းရွှေ့သင့်တယ်လို့ပဲ အကြံပေးချင်ပါတယ်။ သူ့ရဲ့ ပြဿနာက အင်္ဂလန်မြေပါ။ မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြဿနာ တခု မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ ရှိတဲ့ လူတွေက သူ့ကို မလေးစားကြတာဟာ ပြဿနာပါ။ သူက တကယ်ကို ကောင်းတဲ့ ကွင်းလယ်လူ တဦးပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။