ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ နာမည်ကျော်တွေရဲ့ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်ကို ကျရောက်လာပြန်ပါပြီ။ ဒီတခါမှာတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားကြီး ပက်ထရစ် အီဗရာရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit: Squawka

မန်စီးတီးနဲ့ ဝုလ်ဗ် (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

မန်စီးတီးက ပြီးခဲ့တဲ့ တပတ်မှာ ဖြစ်ခဲ့တဲ့ အရာကြောင့် (မန်ယူ ရသွားတဲ့ အငြင်းပွားဖွယ်ရာ ချေပဂိုး) မမျှတသလို ခံစားနေရပါလိမ့်မယ်။ ကျွန်တော်ကတော့ ဝုလ်ဗ်အတွက် စိုးရိမ်နေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးက နိုင်ပွဲတွေ တောက်လျှောက် ရယူဖို့ အတွက် အရှိန်တင် ကစားတော့မှာမို့လို့ပါ။ ကျွန်တော်တို့ အားလုံးက မန်စီးတီးဟာ အခုချိန်မှာ သူနဲ့ တွေ့တဲ့ ပြိုင်ဘက်တိုင်းကို အနိုင်ယူမယ် ဆိုတာ သိကြပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ ဝုလ်ဗ်

Photo Credit: The Sun

လီဗာပူးနဲ့ ချယ်လ်ဆီး (စနေနေ့ည ၇နာရီ)

ဒီပွဲကတော့ ဖိအားတွေအောက် ရောက်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက် ဆုံကြတဲ့ ပွဲပါပဲ။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးက မူဒရစ်ခ်ကို ထည့်သုံးဖို့ မျှော်လင့်ထားပါတယ်။ ခင်ဗျားက သူတို့ရဲ့ ကစားသမားတွေကို မြင်လိုက်ရရင် ဝိုး ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ဂရေဟမ် ပေါ်တာက သူ့ရဲ့ ကစားသမားတွေကို တယောက်ချင်းစီ မဟုတ်ပဲ အသင်းလိုက် ကစားတတ်အောင် စုဖွဲ့ပေးရပါဦးမယ်။ လီဗာပူးကတော့ ပြီးခဲ့တဲ့ အပတ်မှာ ဘရိုက်တန်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။ ကလော့ပ်က သူနဲ့ သူ့အသင်းဟာ အခြေခံဆီ ပြန်သွားရမယ်လို့ ပြောထားပါတယ်။ သူတို့က ကစားပုံ ၊ ဘောလုံး ထိန်းချုပ်ပုံနဲ့ ဘောလုံးပေးပို့မှုတွေ အားလုံးကို အစကနေ ပြန်စီစဉ်ကြပါလိမ့်မယ်။

လူတွေက အခုချိန်အထိ ဆာဒီယို မာနေး ထွက်သွားမှုဟာ လီဗာပူးအတွက် ဆိုးရွားတဲ့ ရာသီတခု ဖြစ်လာစေတဲ့ အဓိကအချက် ဆိုတာကို လက်မခံကြသေးပါဘူး။ လီဗာပူးက လာမယ့်ရာသီမှာ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အဲ့ဒီလို လုပ်ပြဖို့ မဖြစ်နိုင်တော့ပါဘူး။ ကစားသမား တယောက်ကြောင့် အသင်းတသင်းက ဒီလောက်အထိ မဖြစ်သွားသင့်ပေမယ့် ဆာဒီယိုက ကလော့ပ်ရဲ့ ကစားကွက်မှာ အဓိကကျတဲ့ ကစားသမားပါ။ လူတွေက ဆာဒီယိုဟာ လီဗာပူးအတွက် အခရာကျတဲ့ ကစားသမား ဆိုတာကို လက်မခံချင်ကြပါဘူး။ ဒီပွဲမှာ ဘယ်အသင်းပဲနိုင်နိုင် ၊ ဒီအနိုင်ရလဒ်က သူတို့အတွက် အများကြီး အထောက်အပံ့ ဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ ဒီနိုင်ပွဲကြောင့် သူတို့က နည်းနည်းလေး စိတ်သက်သာရာ ရသွားဖို့ပဲ ရှိပါတယ်။ လီဗာပူးရဲ့ ခြေစွမ်းက စိတ်ပျက်စရာ ကောင်းနေသလို ပေါ်တာကလည်း ချယ်လ်ဆီးရဲ့ သော့ချက်ကို မရှာနိုင်သေးပါဘူး။ ဒီတော့ ဒီပွဲက သရေရလဒ်နဲ့ပဲ အဆုံးသတ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၁-၁ ချယ်လ်ဆီး

Photo Credit: The Sun

အာဆင်နယ်နဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်း တခုကို ရယူနိုင်တဲ့ အနေအထားမျိုးမှာ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းက တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် အာဆင်နယ်ကို ဒုက္ခပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ တကြိမ်တုန်းကလိုပေါ့။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ အာဆင်နယ်က ပွဲကို စိုးမိုးထားနိုင်ပြီး ချက်ချင်းဆိုသလို ယူနိုက်တက်က ဂိုးရသွားမယ်လို့ ထင်နေပါတယ်။ ပြီးတော့ လူတွေက အာဆင်နယ်ဟာ ဒီနေ့ပွဲမှာ မရှုံးသင့်ဘူး ဆိုပြီး ပြောနေကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ကစားပုံတွေ ဘာတွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော်က ဒီနေ့ပွဲမှာ မန်ယူက ကစားပုံ ဆိုးရွားခဲ့ရင်တောင် အနိုင်ရတာကို မြင်ချင်ပါတယ်။ မန်ယူကလည်း အဲ့ဒီလိုပဲ ကစားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ မန်ယူက အာဆင်နယ်ကို နာကျင်မှုတွေ ပေးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။

ဒါပေမယ့် အာဆင်နယ်ရဲ့ ပွဲကို ထိန်းချုပ်ကစားနိုင်စွမ်းက အသင်းတိုင်း အတွက် ခက်ခဲစေမယ့် အရာတခုပါ။ မန်ယူက ဒီပွဲမှာ လူတွေ အားလုံးကို အံ့ဩသွားစေနိုင်ပါတယ်။ သူတို့က မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ပေမယ့် ကစားပုံပိုင်းမှာ အပြတ်အသတ် အသာစီး ရခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အာဆင်နယ်ကတော့ စပါးကို ကစားပုံပိုင်း အရ အပြတ်အသတ် သာပြီးမှ အနိုင်ရခဲ့တာပါ။ မန်ယူကလည်း စပါးကို နိုင်ခဲ့ပေမယ့် အာဆင်နယ်က စပါးကို အနိုင်ယူခဲ့သလို အနိုင်ရခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်က ဒီပွဲမှာ မန်ယူကို နိုင်စေချင်ပေမယ့် သရေရလဒ်ပဲ ထွက်လာမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂-၂ မန်ယူ

Photo Credit: The Sun

အခြားပွဲများ အတွက် အီဗရာရဲ့ ခန့်မှန်းရလဒ်များ

လက်စတာ ၁-၂ ဘရိုက်တန်

ဆောက်သမ်တန် ၀-၁ ဗီလာ

ဝက်စ်ဟမ်း ၀-၀ အဲဗာတန်

ဘုန်းမောက် ၀-၂ နော်တင်ဟမ် ဖောရက်စ်

ပဲလေ့စ် ၁-၂ နယူးကာဆယ်

လိဒ် ၂-၂ ဘရန့်ဖို့ဒ်

ဖူလ်ဟမ် ၂-၁ စပါး