ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲကြို သုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတခါမှာတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ဘောလုံးရေးရာ သုံးသပ်သူ အဖြစ်ပါ လုပ်ကိုင်နေတဲ့ ပက်ထရစ် အီဗရာရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို စုစည်း ဖော်ပြပေးသွားချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ။

Photo Credit: Sky Sports

အဲဗာတန်နဲ့ အာဆင်နယ် (စနေနေ့ည ၇နာရီ)

ရှောင်ဒိုက် အတွက် အဲဗာတန်နည်းပြ အဖွင့်ပွဲက တကယ်ကို ခက်ခဲမယ့်ပွဲပါ။ ကျွန်တော်က ရှောင်ဒိုက်ကို သဘောကျပါတယ်။ ခင်ဗျားသာ ကစားသမား တယောက် ဆိုရင် သူ့ကို နည်းပြခုံတန်းမှာ တွေ့လိုက်တာနဲ့ သူ့ရဲ့ ခံစားချက်တွေကို မြင်ရတာနဲ့ ခင်ဗျားက အလုပ်ကြိုးစားရမယ် ၊ အသင်းအတွက် သွေးထွက်တဲ့ အထိ တိုက်ပွဲဝင်ရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး ရနေပါလိမ့်မယ်။ ရှောင်ဒိုက်မှာ သူ့ရဲ့ ကိုယ်ပိုင် ဒဿနတွေ ရှိပါတယ်။ ဒါကြောင့် သူက ကစားသမားတွေဆီ ကနေ အကောင်းဆုံး အရည်အသွေးတွေကို ညှစ်ထုတ်ပြလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ပွဲက သူ့အတွက် ခက်ခဲပါတယ်။ အာဆင်နယ်က ရပ်တန့်လို့ ရတဲ့ အသင်းမျိုးပါ။ အခုချိန်မှာ အာဆင်နယ်က နည်းနည်းလေး ခြေချော်သွားတာနဲ့ လူတိုင်းက “မန်ချက်စတာ စီးတီးဟာ ချန်ပီယံဆုကို ရသွားတော့မယ်” လို့ ပြောကြပါလိမ့်မယ်။

လူတွေကတော့ အခုချိန်မှာ အာဆင်နယ်ဟာ ချန်ပီယံ ဖြစ်ချင်ရင် သရေလေးတောင် ကျလို့ မရဘူး ဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အာဆင်နယ်ဟာ သရေကျလို့ ရသေးတယ်လို့ မြင်ပါတယ်။ တကယ်လို့ သရေကျခဲ့ရင် သူတို့ ရင်ဆိုင်ရမယ့် အရာက မန်ချက်စတာ စီးတီး ဆိုတဲ့ ဖိအားပါ။ လူတွေက အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ်လို့ မတွေးကြသေးပါဘူး။ လူတိုင်းက အာဆင်နယ် ခြေချော်မယ့် အချိန်ကို စောင့်နေတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ အာဆင်နယ်ဟာ ခြေချော်လိမ့်မယ်လို့ မထင်ပါဘူး။ နည်းပြသစ် တယောက် ရောက်လာရင် ကစားသမားတိုင်းက သူတို့မှာ ရှိတဲ့ ခြေစွမ်းအကုန် ထုတ်ပြီး ပွဲထွက်ခွင့် ရဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် နည်းပြသစ် ရောက်လာတဲ့ အချိန်တိုင်းမှာ ရလဒ်ကောင်းတွေ ရတတ်ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲကို သရေကျမယ်လို့ပဲ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – အဲဗာတန် ၁-၁ အာဆင်နယ်

Photo Credit: Sky Sports

မန်ယူနဲ့ ပဲလေ့စ် (စနေနေ့ည ၉နာရီခွဲ)

ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်း ရဖို့ အတော်လေး အခွင့်အလမ်း များနေပါတယ်။ သူတို့က နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၁၂ပွဲဆက် နိုင်ထားပါတယ်။ ဒါက ဖာဂီခေတ်လွန်မှာ တခါမှ မရဖူးသေးတဲ့ စံချိန်မျိုးပါ။ ဒါကြောင့် ဒီတကြိမ်မှာ ယူနိုက်တက်က ပဲလေ့စ်ကို အနိုင်ယူပြီး အိမ်ကွင်း ၁၃ပွဲဆက် အနိုင်ရတဲ့ စံချိန်ကို တင်သင့်ပါတယ်။ ပဲလေ့စ်က နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ ယူနိုက်တက်ကို နောက်ဆုံးမိနစ် ချေပဂိုးနဲ့ နာကျင်အောင် လုပ်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ချန်ပီယံအိမ်မက်ကို ဖျက်ဆီးခဲ့တယ်လို့ ပြောရင်တောင် ရနိုင်ပါတယ်။

ကျွန်တော်က ဒီပွဲမှာ ရက်ဖို့ဒ် တယောက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ မျှော်လင့်ထားသလို ဘရူနိုကလည်း အဲရစ်ဆင်ရဲ့ နေရာလွတ်တွေကို လိုက်ဖြည့်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကတ်စ်မဲရိုးကတော့ ကတ်စ်မဲရိုး ဖြစ်နေဦးမှာပါ။ ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကတော့ ယူနိုက်တက် အနိုင် ဆိုတာပါပဲ။ အခုချိန်မှာ ယူနိုက်တက်ရဲ့ အရှိန်အဟုန်က ရပ်တန့်သွားမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့က ကစားသမားသစ်တွေနဲ့ နိုင်ပွဲတွေ ရသွားပါလိမ့်မယ်။ ဒီပွဲမှာ ကစားသမားသစ်တွေက ၁၅မိနစ်လောက် ကစားခွင့် ရမယ်လို့လည်း ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၂-၀ ပဲလေ့စ်

Photo Credit: Sky Sports

စပါးနဲ့ မန်စီးတီး (တနင်္ဂနွေနေ့ည ၁၁နာရီ)

ကျွန်တော်က ဒီရာသီမှာ မန်စီးတီးရဲ့ လုပ်ရပ်တွေကို နားမလည်နိုင်သေးပါဘူး။ သူတို့က ဘာကြောင့် ကန်ဆယ်လိုကို ထွက်ခွာခွင့် ပေးလိုက်တာလဲ။ မန်စီးတီးမှာ တခုခုတော့ မှားနေပါပြီ။ ကျွန်တော်တို့က မန်စီးတီးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မသိကြပါဘူး။ နည်းပြနဲ့ ကစားသမားတွေရဲ့ ဆက်ဆံရေးကရော ဘယ်လို အခြေအနေ ရှိနေလဲ။ မန်စီးတီးနဲ့ ပတ်သတ်ပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် မထွက်သေးပေမယ့် ကျွန်တော်ကတော့ သူတို့အသင်းမှာ တခုခု မှားနေပြီလို့ ခံစားရပါတယ်။ သူတို့က ဇင်ချန်ကိုကိုလည်း အာဆင်နယ်ဆီ ပြောင်းခွင့် ပေးခဲ့တယ်လေ။ ကစားသမားတွေက ကစားခွင့် မရတဲ့ အချိန်တွေမှာ ကစားခွင့် လိုချင်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ကစားသမား တယောက် ဆိုရင် မန်စီးတီးလို အသင်းမျိုး အတွက် ကစားနေရချိန် ၊ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်နေရချိန်မှာ ပွဲတိုင်း ပါဝင် ကစားခွင့် ရဖို့ မလွယ်ဘူး ဆိုတာ ကြိုသိနေပါလိမ့်မယ်။ ဥပမာ ပေးရရင်တော့ ချာချာရီတိုပေါ့။ ဖာဂူဆန်က ချာချာရီတိုကို မင်း ၂ပွဲ မကစားရဘူးလို့ ပြောခဲ့ရင်တောင် ချာချာရီတိုက သူ ကစားရတဲ့ ၃ပွဲမြောက်မှာ ကျွန်တော်တို့ အတွက် သွင်းဂိုး သွင်းယူပေးပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ချာချာရီတိုနဲ့ ဖာဂီကြားထဲမှာ အရမ်းကို ကောင်းတဲ့ ဆက်ဆံရေးမျိုး ရှိနေလို့ပါ။

ဒါကြောင့် ကျွန်တော်ကတော့ ကစားသမား တယောက်ဟာ ပွဲထွက်ခွင့် မရလို့ အသင်းပြောင်းပါတယ် ဆိုတဲ့ သတင်းမျိုးကို မယုံပါဘူး။ မန်စီးတီးမှာ နည်းပြနဲ့ ပတ်သတ်ပြီး တစုံတခု မှားယွင်းနေပါပြီ။ အဆိုးဆုံးအရာက စီးတီးဟာ ကစားသမားတွေကို အလွယ်တကူ ပြောင်းရွှေ့ခွင့် ပေးနေတာပါပဲ။ ကစားသမား တယောက် မပျော်ဘူး ဆိုရင် အသင်းပြောင်းခွင့် ပေးသင့်တယ် ဆိုတာကို  နားလည်ပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ ကစားသမားတွေက သာမန် ကစားသမားတွေ မဟုတ်ပါဘူး။ အရည်အသွေးမြင့် ကစားသမားတွေပါ။ သူတို့က ဒီလို ကစားသမားတွေကို အလွယ်တကူ ထွက်ခွာခွင့် မပေးသင့်ပါဘူး။ ယူနိုက်တက်ဆိုရင် အဲ့ဒီလိုလုပ်မယ် မထင်ဘူး။ စပါးက ဒီတကြိမ်မှာ မန်စီးတီးကို ခက်ခဲအောင် လုပ်ပါလိမ့်မယ်။ စီးတီးက စပါးရဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းတွေ မရထားပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲကို သရေပွဲလို့ပဲ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၂ မန်စီးတီး

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဘရိုက်တန် ၃-၁ ဘုန်းမောက်

ဘရန့်ဖို့ဒ် ၂-၁ ဆောက်သမ်တန်

ဝုလ်ဗ် ၀-၁ လီဗာပူး

ဗီလာ ၂-၀ လက်စတာ

နယူးကာဆယ် ၃-၁ ဝက်စ်ဟမ်း

နော်တင်ဟမ် ဖောရက်စ် ၁-၀ လိဒ်