အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အိမ်ရှင် အင်တာမီလန်အသင်းကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် နှစ်ကျော့ပေါင်းရလဒ် ၇-၆ နဲ့ အင်တာမီလန်တို့က ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအအသင်းအတွက်တော့ ခါးသီးစွာ စိတ်ပျက်စရာကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ပေမယ့် Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ နည်းပြချုပ် ဟန်ဆီဖလစ်ဟာ သူ့အသင်းရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ အလွန် ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။
ဖလစ်က “ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကစားသမားတွေနဲ့ သူတို့ရဲ့ခြေစွမ်းကြောင့်တော့ မဟုတ်ပါဘူး။ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ ဘောလုံးဆိုတာ ဒီလိုပါပဲ။ ကျွန်တော်တို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် နောက်နှစ်မှာ ကလပ်အသင်းနဲ့ ပရိသတ်တွေအားလုံး ပျော်ရွှင်အောင် ထပ်ကြိုးစားသွားမှာပါ။ အင်တာကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ သူတို့ ခံစစ်ကစားပုံ အရမ်းကောင်းသလို ထက်မြက်တဲ့ တိုက်စစ်မှူးတွေလည်း ပိုင်ဆိုင်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Reuters
ဆက်လက်ပြီး “ကျွန်တော်တို့ ဒီပွဲကနေ သင်ခန်းစာယူသွားမှာပါ။ ဒါက တိုးတက်မှုဖြစ်စဉ်တစ်ခုပဲလေ။ ကျွန်တော်တို့ ဆက်ပြီးသင်ယူချင်ပါတယ်။ လေ့ကျင့်ချိန် များများစားစား မရခဲ့ပေမယ့် နောက်ရာသီမှာ ကျွန်တော်တို့ တစ်ခေါက်ပြန်လာခဲ့ပါမယ်။” လို့လည်း ဆိုပါတယ်။
ဆန်စီရိုကွင်းက အဲဒီညဟာ အတော်လေး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းက အထူးသဖြင့် ဒိုင်လူကြီး ဆိုင်မွန် မာစီနီယက်ရဲ့ စွမ်းဆောင်ရည်အပေါ် မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ ဖလစ်က သူ့မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်မှုတချို့ရှိတယ်လို့ ဝန်ခံခဲ့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အကျယ်တဝင့် ထုတ်ဖော်ပြောဆိုဖို့တော့ ဆန္ဒမရှိခဲ့ပါဘူး။
Photo Credit : Metro
ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဖလစ်က “တချို့ဆုံးဖြတ်ချက်တွေက ဘယ်ဘက်ကိုမဆို ဖြစ်သွားနိုင်တဲ့ အနေအထား (၅၀-၅၀) မျိုးမှာ အမြဲတမ်း အင်တာဘက်ကိုပဲ ပါသွားတယ်။ ဒါက ဘောလုံးပါပဲ။ ကျွန်တော်တို့ လက်ခံရပါမယ်။ ကျွန်တော့်အသင်းအတွက်တော့ အရမ်းဂုဏ်ယူမိပါတယ်။ တစ်ခါတစ်လေ ဒိုင်ရဲ့ဆုံးဖြတ်ချက်တချို့က မမျှတဘူးလို့ ထင်မိတတ်တယ်။ ဒါပေမဲ့ ဒါကို လက်ခံပြီး နောက်ရာသီမှာ ပြန်ကြိုးစားရမှာပေါ့။ ချန်ပီယံလိဂ်ဖလားရဖို့နဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ပရိသတ်တွေက ကျွန်တော်တို့ကို အရမ်းကောင်းကောင်း အားပေးခဲ့ကြပါတယ်။ နောက်ရာသီမှာ ကျွန်တော်တို့ ပြန်လာခဲ့ပါမယ်။” လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း “ကျွန်တော် ဒီကိစ္စကို၊ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ထုတ်ပြောချင်စိတ် မရှိပါဘူး။ အကောင်းဆုံးကြိုးစားခဲ့တဲ့ ကျွန်တော့်အသင်းအတွက် မတရားရာကျတယ်လို့ ခံစားရလို့ပါ။ ဒိုင်အကြောင်းပြောရတာကို ကျွန်တော်မကြိုက်ပါဘူး။ ကျွန်တော့်ရဲ့သဘောထားကိုတော့ ဒိုင်ကို ပြောပြီးသားပါ၊ ဒါပေမဲ့ ဒီနေရာမှာတော့ ထုတ်ပြောမှာမဟုတ်ပါဘူး။” လို့ ဖလစ်က ဆိုသွားခဲ့ပါတယ်။