ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်သလို ယမန်နေ့မှာပဲ အသင်းရဲ့ နည်းပြ လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ အဲဗာတန်က သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြချုပ်နေရာ အတွက် လိဒ်ယူနိုက်တက် နည်းပြဟောင်း ဘီယဲလ်ဆာကို ခေါ်ယူ ခန့်အပ်ချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း အဖြစ် တင်စားခံထားရတဲ့ အဲဗာတန်က ယခုနှစ် ဘောလုံးရာသီမှာ အတော်လေးကို ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်း ဖြစ်ပြီး အဲဗာတန်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အပြီးမှာ အဆင့် ၁၉နေရာ အထိ ရောက်ရှိနေသလို တန်းဆင်းရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ အဲဗာတန်ရဲ့ ဘုတ်အဖွဲ့က ယမန်နေ့မှာပဲ အရေးပေါ် အစည်းအဝေး တခု ပြုလုပ်ကာ နည်းပြ ဖရန့် လမ်းပတ်ကို ရာထူးကနေ ထုတ် ၊ မထုတ် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ပြီးဆုံးချိန်မှာတော့ အဲဗာတန်က လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဖရန့် လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အဲဗာတန်ဘုတ်အဖွဲ့က နည်းပြသစ် ခန့်ဖို့ စတင် ကြိုးပမ်းနေပြီး အဲဗာတန်ဘုတ်အဖွဲ့က လိဒ်ယူနိုက်တက် နည်းပြဟောင်း ဘီယဲလ်ဆာကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း အဲဗာတန်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

 

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း အဲဗာတန်ဟာ ဘီယဲလ်ဆာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး အဲဗာတန်ရဲ့ တာဝန်ရှိသူတွေက ဘီယဲလ်ဆာရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်ထားကြောင်းလည်း သိရပါတယ်။

အသက် ၆၇နှစ် အရွယ် ဝါရင့် အာဂျင်တီးနား နည်းပြကြီး ဘီယဲလ်ဆာက လိဒ်ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပြီး ဘီယဲလ်ဆာက အဲဗာတန်ကို တာဝန်ယူဖို့ စိတ်ဝင်စားနေကြောင်း အာဂျင်တီးနား သတင်းဌာန တချို့က ဖော်ပြထားကြပါတယ်။