အဲဗာတန်အသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ကစားသမားရဲ့ မိသားစုအနားမှာပဲ ဆက်နေလိုတဲ့ ဆန္ဒကို အခွင့်ကောင်းယူကာ အပြောင်းအရွှေ့ကို ဖြစ်မြောက်အောင် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
အင်္ဂလန်လက်ရွေးစင် ကစားသမား ဂရီးလစ်ရှ်ဟာ မန်စီးတီးရဲ့ အီတီဟတ်ကွင်းမှာ အနာဂတ်မရှိတော့ဘဲ ဒီနွေရာသီ အမေရိကန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကလပ်များဖလား ပြိုင်ပွဲအတွက် လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။ မန်စီးတီးအသင်းက သူ့ကို အသင်းသစ်ရှာဖွေဖို့ ခွင့်ပြုထားပြီး ၂၀၂၁ ခုနှစ်က အက်စတွန် ဗီလာအသင်းထံမှ ပေါင်သန်း(၁၀၀) နဲ့ ဝယ်ယူခဲ့တဲ့ အသက်(၂၉)နှစ်အရွယ် ကစားသမားကို အပြီးသတ် ရောင်းထုတ်ဖို့ မျှော်လင့်နေပါတယ်။
Photo Credit : Football265
အီတလီချန်ပီယံ နာပိုလီအသင်းကလည်း ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ သတင်းထွက်နေပြီး တကယ်လို့သာ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပါက မန်စီးတီးအသင်းဖော်ဟောင်း ကီဗင် ဒီဘရိုင်းနဲ့ ပြန်လည် လက်တွဲကစားခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်္ဂလန်အသင်းအတွက် (၃၉)ပွဲကစားထားတဲ့ ဂရီးလစ်ရှ်ဟာ အဝေးကို ပြောင်းရွှေ့ချင်စိတ်မရှိဘဲ အင်္ဂလန်မြောက်ပိုင်းက သူ့ရဲ့ Cheshire မြို့က နေအိမ်မှာသာ ချစ်သူ Sasha Attwood နဲ့ သမီးငယ်လေးတို့နဲ့အတူ ဆက်လက် နေထိုင်လိုနေတယ်လို့ သိရပါတယ်။ Cheshire မြို့ဟာ မန်ချက်စတာနဲ့ မာဆေးဆိုဒ် (လီဗာပူးလ်/အဲဗာတန်) ကလပ်တွေရဲ့ လေ့ကျင့်ရေးကွင်းတွေဆီ အလွယ်တကူ သွားလာနိုင်တာကြောင့် ဘောလုံးသမားတွေ အကြိုက်တွေ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီအချက်က အဲဗာတန်အတွက် အဓိကအားသာချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဂရီးလစ်ရှ်အနေနဲ့ တည်ငြိမ်တဲ့ မိသားစုဘဝကို ရှာဖွေရင်း အဲဗာတန်ဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ စဉ်းစားနိုင်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ လွန်ခဲ့တဲ့ (၄)နှစ်က သူ့ကို အင်္ဂလန်ရဲ့ ဈေးအကြီးဆုံးကစားသမားဖြစ်စေခဲ့တဲ့ ခြေစွမ်းကောင်းတွေ ပြန်လည်ရရှိဖို့အတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
Photo Credit : Everton News
ဂရီးလစ်ရှ်ဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ အသင်းအပေါ် သူ့ရဲ့လွှမ်းမိုးမှု ကျဆင်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီနှစ်ခုစလုံးမှာ ပရီးမီးယားလိဂ်ပွဲ (၂၀)သာ ကစားခဲ့ရပြီး ၂၀၂၄-၂၅ ရာသီမှာတော့ တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။
အဲဗာတန်အသင်းအတွက်တော့ ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ခြင်းဟာ အောင်မြင်မှုကြီးတစ်ခု ဖြစ်လာမှာပါ။ နည်းပြ ဒေးဗစ် မိုယက်စ်ကလည်း သူ့ကို တောင်းဆိုမှုများတဲ့ ဂွါဒီယိုလာရဲ့ ကစားကွက်အောက်က တင်းကျပ်တဲ့စည်းကမ်းဘောင်တွေကနေ လွတ်မြောက်စေပြီး လွတ်လပ်စွာကစားခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ အဲဗာတန်ဟာ ဒီရာသီကစပြီး သူတို့ရဲ့အိမ်ကွင်းဟောင်း ဂွတ်ဒီဆင်ပါ့ခ်ကနေ အသစ်စက်စက် Hill Dickinson ကွင်းသစ်ကြီးဆီကို ပြောင်းရွှေ့ကစားတော့မှာ ဖြစ်ပါတယ်။ ဒီလို အသင်းရဲ့အစပြုမှုအသစ်နဲ့ ကစားကွင်းအသစ်ဟာ ကစားသမားဘဝကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေတဲ့ ဂရီးလစ်ရှ်အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။