ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် ဗဟိုနောက်ခံလူ ဂျွန်နီ အီဗန်စ်က လက်ရှိ သူတို့အသင်းရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်တာကြောင့် သူတို့အသင်းဟာ တန်ဟက်ဂ်ကို အချိန်ပေးသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်ကနေ ခေါ်ယူကာ သူတို့အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ် တာဝန်ပေးထားတာ ဖြစ်ပြီး တန်ဟက်ဂ်နဲ့ ယူနိုက်တက်တို့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ၂၀၂၅ခုနှစ်မှ သက်တမ်း ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပြီး ကာရာဘောင်း ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမ ဘောလုံးရာသီက အောင်မြင်ခဲ့ပေမယ့် ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒဏ်ရာရ ကစားသမား များပြားမှု ၊ အဓိက ကစားသမားတွေ ခြေစွမ်းကျဆင်းမှုတို့ကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

Photo Credit: Football 365

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရမှုကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ မကြာခင်မှာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပြီး ယခု နွေဈေးကွက်မှာ တန်ဟက်ဂ်ရဲ့ ဖိတ်ခေါ်မှုကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပြန်လည် ပူးပေါင်းခွင့် ရထားတဲ့ ဂျွန်နီ အီဗန်စ်ကတော့ သူတို့အသင်းဟာ တန်ဟက်ဂ်ကို အချိန်ပေးဖို့ လိုအပ်ကြောင်း ဆိုလာပါတယ်။

ဂျွန်နီ အီဗန်စ်က – “တန်ဟက်ဂ်ဟာ ထိပ်တန်းနည်းပြ တဦးပါ။ ကျွန်တော်က သူ့အပေါ် တခါမှ သံသယ မဝင်ဖူးပါဘူး။ ဇန်နဝါရီမှာ ကျွန်တော်တို့က အပြောင်းအရွှေ့ရာသီ တခုကို ရမှာ ဖြစ်ပြီး အဲ့ဒီကာလမှာ အသင်းကို တိုးတက်အောင် လုပ်လို့ ရပါတယ်။ ဥရောပပြိုင်ပွဲတွေ မရှိတော့တာကလည်း နည်းပြကြီး အတွက် အချိန်ပိုရစေပါလိမ့်မယ်။ ကျွန်တော်တို့က ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရပေမယ့် ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာရင် အသင်းရဲ့ အခြေအနေဟာ ပြန်ပြီး တည်ငြိမ်လာမယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့က သူ့ကို အချိန်ပိုပေးရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။