မန်ချက်စတာစီးတီးအသင်းနဲ့ နော်ဝေအသင်းတို့ရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ပေါင်ခြံဒဏ်ရာ ခံစားနေရတာကြောင့် ယူရို-၂၀၂၄ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်သွားမယ့် နော်ဝေအသင်းရဲ့ ကစားသမားစာရင်းကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း နော်ဝေ ဘောလုံးအဖွဲ့ချုပ်ဘက်က အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။
Photo Credit : Reuters
ဟာလန်းဟာ မန်စီးတီးအသင်းအတွက် နောက်ဆုံးကစားထားခဲ့တဲ့ ပွဲစဉ်(၂)ပွဲအတွင်းမှာ (၈)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ကလပ်အသင်းအတွက် စွမ်းစွမ်းတမံ အကောင်းဆုံး စွမ်းဆောင်ထားပေမယ့်လည်း နိုင်ငံအသင်းအတွက် ကစားပေးမယ့် အချိန်မှပဲ ဒဏ်ရာ အခြေအနေ ရှိနေခဲ့တာကြောင့် အခုတစ်ပတ်အတွင်းမှာ ကစားသွားရမယ့် နော်ဝေရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲ (၂)ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။
Photo Credit : The Sun
အသက်(၂၂)နှစ်အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဘန်လေအသင်းနဲ့ ကစားခဲ့ရတဲ့ အက်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာပဲ ပေါင်ခြံ နာကျင်မှု ခံစားခဲ့ရတာကြောင့် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးချိန်မှာ စပိန် ဂျော်ဂျီယာအသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေအထိပါ အနားယူရဖို့ ဖြစ်လာခဲ့တယ်လို့ နော်ဝေ ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ဟာလန်းက နော်ဝေရဲ့ ယူရိုခြေစစ်ပွဲ (၂)ပွဲကို လွဲချော်ပြီးချိန် မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ လွဲချော်လို့မဖြစ်ပဲ သေချာပေါက် ပါဝင်ရနိုင်ပါတယ်။
Photo Credit : Le Parisien
နိုင်ငံတကာ ရက်သတ္တပတ်အပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်မှာ မန်စီးတီးက လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ဆင်နွဲရမှာဖြစ်လို့ ဒီလို အရေးကြီးတဲ့ ပွဲစဉ်မျိုးမှာ စီးတီးရဲ့ ဂိုးသွင်းစက် ဟာလန်းက မဖြစ်မနေကို ပါဝင်လာဖို့ လိုအပ်နေပါတယ်။ ဟာလန်းက ဒီရာသီမှာ စီးတီးအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲ ကစားထားခဲ့ပြီး (၄၂)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဟက်ထရစ် (၆)ကြိမ်အထိတောင် သွင်းယူထားခဲ့ပါတယ်။