မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး ခရစ္စတီယန် အဲရစ်ဆင်က လက်ရှိမှာ သူ့အနေနဲ့ ယူနိုက်တက်အသင်းအတွက် လုံလောက်တဲ့ ပွဲကစားခွင့်တွေ ရရှိခြင်း မရှိတဲ့အပေါ် မပျော်မရွှင် ဖြစ်နေရကြောင်း နည်းပြ အဲရစ် တန်ဟက်ဂ်ထံ အသိပေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် (၃၂)နှစ်အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘရန့်ဖို့ဒ်ကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ ကွင်းလယ်မှာ ဖာနန်ဒက်စ် ကက်စီမဲရိုးတို့နဲ့ တွဲဖက်ကာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit : The Irish Independent

စပါး အေဂျက် အင်တာမီလန်အသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်ပြီး နှလုံးစက်တပ်ပြီးမှ ဘောလုံးသမားဘဝကို ပြန်လည် ဖြတ်သန်းနေရတဲ့ အဲရစ်ဆင်ဟာ ကစားခွင့်ရတိုင်းမှာ မခိုမကပ်ပဲ ကြိုးကြိုးစားစား ကစားပေးတက်သူ ဖြစ်ပေမယ့် သူရဲ့ ကြံခိုင်မှုအရတော့ ပွဲချိန်ပြည့် ကစားဖို့ ခက်ခဲသလို ဒဏ်ရာတွေရဲ့ နှိပ်စက်မှုကိုလည်း ခံနေရပါသေးတယ်။

ဒီလို အချိန်မှာ ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရတဲ့ အဲရစ်ဆင်က “ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မပျော်မရွှင် ဖြစ်နေရတာနဲ့ အတက်နိုင်ဆုံး ပွဲကစားခွင့်တွေ ရချင်ပါကြောင်းတွေကို အဲရစ် တန်ဟက်ဂ်နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။”

Photo Credit : The Sun

“အဲရစ် တန်ဟက်ဂ်ကတော့ အသင်းမှာ ကိုဘီ မိန်းနူးက ခြေစွမ်းပြနေပြီး တခြား ကွင်းလယ်ကစားသမားတွေကလည်း စွမ်းဆောင်ရည် ကောင်းမွန်နေတာကြောင့် ပွဲထွက်ကစားခွင့်အတွက် ပြိုင်ဆိုင်မှုတွေ ရှိနေရတယ်ဆိုတာကို ပြောပြခဲ့တယ်။”

“ကျွန်တော် အတတ်နိုင်ဆုံး လုံလောက်တဲ့ ပွဲကစားခွင့်တွေ ရရှိချင်တာကြောင့် ရေရှည်မှာ အခုလိုပဲ ပွဲကစားခွင့်တွေ နည်းပါးနေဦးမှာကိုတော့ တကယ် စိုးရိမ်မိပါတယ်။ အရန်ခုံမှာပဲ အမြဲတမ်းကြီး ထိုင်မနေချင်တော့ပါဘူး။” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။