မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် ဝါရင့် ကွင်းလယ်ကစားသမားကြီး ခရစ္စတီယန် အဲရစ်ဆင်ဟာ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုတွေ ရှိနေတာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်ကို စွန့်ခွာသွားနိုင်ဖွယ် ရှိနေပါတယ်။

အသက် (၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ၂၀၂၂ခုနှစ်ကမှ ဘရန့်ဖို့ဒ်အသင်းကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက်မှာ ပွဲပေါင်း (၆၃)ပွဲခန့်အထိ ပါဝင်ဖြစ်ခဲ့ရပါတယ်။

Photo Credit : beIN SPORT

နှလုံးပြသာနာ ခံစားထားခဲ့သူ ဖြစ်ပေမယ့် ကစားခွင့်ရတိုင်းမှာ အင်တိုက်အားတိုက် လိုက်ပါကစားပေးနိုင်သူ အဲရစ်ဆင်ဟာ ဒူးဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ် (၈)ပွဲခန့်အထိ လွဲချော်ထားရတုန်းမှာ လူငယ် ကစားသမားလေး ကိုဘီ မိန်းနူးရဲ့ တောက်ပလာမှုကြောင့် နောက်ဆုံး(၃)ပွဲဆက်တိုက်အထိ unused substitute player အဖြစ်နဲ့သာ ရှိနေခဲ့ရပါတယ်။

ဒီလို အခြေအနေတွေ ရှိနေတဲ့ အဲရစ်ဆင်ကို တူရကီ အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ဂါလာတာစာရေးက စတင် ချဉ်းကပ်လာခဲ့ပြီး တူရကီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာလည်း လာမယ့် (၉)ရက်နေ့မှ ပိတ်သိမ်းမှာဖြစ်လို့ အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

Photo Credit : Eurosport

ဂါလာတာစာရေးက အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ဖူလ်ဟမ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ကားလို့စ် ဗင်နီစီယပ်စ် နဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ အိုင်ဗရီကို့စ် ညာနောက်ခံလူ အော်ရီယာတို့ကိုပါ အငှားနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။

အခုလည်း ဈေးကွက်မပိတ်သိမ်းခင်မှာ အဲရစ်ဆင်လို အတွေ့အကြုံရင့် ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူဖြည့်တင်းသွားဖို့ ပြင်ဆင်လာခဲ့ပြီး အဲရစ်ဆင်ကလည်း ဂါလာတာစာရေးရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေပါတယ်။