အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီဖြစ်တဲ့ ခရစ္စတီယန်အဲရစ်ဆင်နဲ့ ပွဲပယ်ပြစ်ဒဏ်ကနေ ကင်းလွတ်တော့မယ့် ကက်စီမဲရိုးတို့ အသင်းအတွက် ပြန်ကစားပေးနိုင်ပြီဆိုရင် အသင်းက ပိုမို အားကောင်းလာနိုင်တော့မယ်လို့ မန်ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်က ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Youtube

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံအတွင်း ဂိုးဖန်တီးမှု (၉)ကြိမ်အထိ လုပ်ဆောင်ထားနိုင်တဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဇန်နဝါရီလမှာ ရက်ဒင်းအသင်းနဲ့ ကစားခဲ့တဲ့ အက်အေဖလားပွဲစဉ်ထဲ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် (၂)လခန့် အနားယူနေရစဉ် နောက်ထပ် ကွင်းလယ်လူ တစ်ဦးဖြစ်သူ ကက်စီမဲရိုးမှာလည်း အနီကတ် ပြစ်ဒဏ်ကြောင့် ပရီးမီးယားလိဂ်မှာ (၄)ပွဲအထိ ပွဲပယ်ခံထားရပါတယ်။ ဒီရာသီမှ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ ကက်စီမဲရိုး နဲ့ အဲရစ်ဆင်တို့ဟာ အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံး performances တွေ ပြသထားသူတွေလည်းဖြစ်လို့ သူတို့ မပါဝင်နိုင်ချိန်မှာ အသင်းက သိသိသာသာ အားနည်းသွားခဲ့ရပါတယ်။

Photo Credit : Manchester Evening News

အခုတော့ အဲရစ်ဆင်က ဒီနေ့ည အဲဗာတန်နဲ့ပွဲ လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်ပြီ ဖြစ်သလို ကက်စီမဲရိုးကိုလည်း ကြားရက် ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲအပြင် နော်တင်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာပါ ပြန်လည် မြင်တွေ့သွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦး ပြန်လာနိုင်တော့မှာနဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်က “သူတို့နှစ်ယောက်က ကျွန်တော်တို့အတွက် အရမ်းတန်ဖိုးရှိတဲ့ ကစားသမားတွေဆိုတာ သိသာ ထင်ရှားပါတယ်။ ကွင်းလယ်ပိုင်းက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ ပွဲအများစုမှာ ကျွန်တော်တို့က အသင်းရဲ့ ဟန်ချက်သစ်တစ်ခုကို ရှာခဲ့ရတယ်။ ဒါက တကယ်ကို မလွယ်ကူခဲ့ဘူး”

Photo Credit : Forbes

“ကျွန်တော်တို့က အခုဆိုရင် ပရီးမီးယားလိဂ်ရဲ့ Top-4 နေရာအတွက်ရော ယှဉ်ပြိုင်နေရသလို ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ် အက်အေဖလားမှာဆိုရင်လည်း ဆီမီးဖိုင်နယ် အဆင့်တွေမှာ ရောက်ရှိနေပါတယ်။ ကျွန်တော်တို့က ဒီရာသီမှာ ဖလားတစ်လုံး ရရှိထားပြီးတော့ တကယ်ကို အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာအောင် လုပ်ရပါလိမ့်မယ်။ ကျွန်တော်တို့မှာ တကယ်ကောင်းမွန်တဲ့ လူအင်အားလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီရာသီရဲ့ နောက်ဆုံး အခိုက်အတန့်တွေမှာ ရလဒ်ကောင်းတွေနဲ့ ဆုဖလားတွေပါ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် အပြုသဘောဆောင်ပြီး ထင်မြင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။